ဟိုပုံး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်သော သဘာဝဘေးဖြစ်စဉ်များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိုးသည်းစွာရွာသွန်းမှုကြောင့် မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)စုတို့တွင် တောင်ကျရေများစီးဝင်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အဆိုပါအိမ်ထောင်စုများအတွက် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် မဲနယ်တောင်ဒေသ နောင်လိုင်မူဖိတ်ကျေးရွာ (၃/၁)မိုင် ဗြုန်းလမ်းပေါ်တွင် မြေသားပြိုကျမှုနှင့် လမ်းသားပဲ့ကျမှုကိုလည်းကောင်း၊ နောင်လိုင်မူဖိတ်ကျေးရွာ (၄/၄)မိုင် မြေသားပြိုကျမှုကိုလည်းကောင်း၊ စံဖူး-နမ့်ခုတ်လမ်း လမ်းပြိုကျမှုကိုလည်းကောင်း၊ စငေါကျေးရွာ 11KV ဓါတ်အားလိုင်း(၅)ခန်း၊ မီးတိုင်(၆)တိုင်ကြိုးကျမှုကိုလည်းကောင်း၊ နမ့်ခုတ်-စံဖူး-ရွာသစ်ကတ္တရာလမ်းပေါ်တွင် ကတ္တရာလမ်းသားပဲ့ကျပျက်စီးမှုကိုလည်းကောင်း၊ နမ့်ခုတ်-စံဖူး-ရွာသစ်လမ်း နှုတ်ခမ်းပျက်စီးမှုကိုလည်းကောင်း၊ စငေါ-ဒုံလိကောင်လမ်း အလျား(၂၀ပေ)၊ အနံ(၁၂ပေ) သစ်သားတံတားမျောပါပျက်စီးမှုကိုလည်းကောင်း၊ ဖက်ရမ်းကျေးရွာအုပ်စု ဟွေ့ရေခေါက်-ဟိုဆင်-ဟွေ့လုံ-ဖက်ရမ်းကြီး-ဖက်ရမ်းလေး-ဒုံလိတန်-ဝမ်စောက်-ဟိုင်းနွဲ့-ဆီဟိုးလမ်းပေါ်ရှိ ဟိုဆင်ကျေးရွာနှင့် ဟွေ့လုံကျေးရွာ(၁၅)ပေတံတား ပျက်စီးမှုကိုလည်းကောင်း၊ နောင်လိုင်ကျေးရွာအုပ်စု ဟွေ့ရေခေါက်-ဟိုဆင်-ဟွေ့လုံ-ဖက်ရမ်းကြီး-ဖက်ရမ်းလေး-ဒုံလိတန်-ဝမ်စောက်-ဟိုင်းနွဲ့-ဆီဟိုးလမ်းပေါ်ရှိ ဟိုဆင်ကျေးရွာနှင့် ဟွေ့လုံကျေးရွာ အလျား ၁၅ ပေ တံတားပျက်စီးမှုကိုလည်းကောင်း၊ ဟွေ့ရေခေါက်-ဟိုဆင်-ဟွေ့လုံ-ဖက်ရမ်းကြီး-ဖက်ရမ်းလေး-ဒုံလိတန်-ဝမ်စောက်-ဟိုင်းနွဲ့-ဆီဟိုးလမ်းပေါ်ရှိ ဒုံလိတန်ကျေးရွာနှင့် ဝမ်စောက်ကျေးရွာ (၄၀ ပေ) တံတားပျက်စီးမှု ကိုလည်းကောင်း၊ ဝမ်းစောက်ကျေးရွာနှင့် နားလုံကျေးရွာ (၁၅ပေ) တံတားပျက်စီးမှုကိုလည်းကောင်း၊ ဖက်ရမ်းကျေးရွာအုပ်စု မိုင်းကောင်း-ဝမ်စိမ်း-ပါနိမ့်လမ်းပေါ်တွင် ကတ္တရာလမ်း မြေကျွံကျမှုကိုလည်းကောင်း၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်း-ထီဖြွန်း-ထီတခေါ့လမ်း မြေကျွံမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)