Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံနှင့် ကြိမ်အချောထည်စက်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွာသာကြီးပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုး တန်းတစ်လျှောက် ဒီရေတောများကို သဘာဝအစိမ်းရောင်တံတိုင်းဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ တရားမဝင် သစ်တားဆီးရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊ ပျိုးပင်သက်တမ်း နှစ်နှစ်နှင့်အထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်သွားရန်မှာကြား ပြီး ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၂၂ မျိုးဖြင့် ပျိုးပင် ၃၈၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပေါင်းစပ်ဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံအရှေ့စက်မှုဇုန် အတွင်းရှိ National Wood Industry သစ်အချော ထည်စက်ရုံသို့သွားရောက်၍ သစ်အချောထည် ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်ရုံများအနေဖြင့် အရည်အသွေးပြည့်ဝသော သစ်အချောထည်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေရှာဖွေမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိကြောင်း၊ ပြည်ပဈေးကွက်သို့ သစ်အချောထည်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေးနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Classic Home ကြိမ်အချောထည်နှင့် ပရိဘောဂစက်ရုံသို့သွားရောက်၍ ကြိမ်ပရိဘောဂထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှုအခြေအနေများ၊ ပြည်တွင်း/ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ကြုံတွေ့ရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၇ မျိုးဖြင့် ပျိုးပင် ၄၀၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ်ရှိ TK-Interiors ကြိမ် အချောထည် စက်ရုံသို့သွားရောက်၍ ကြိမ်အချောထည် ပရိဘောဂပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း အမှတ် (၉) သစ်စက်နှင့် အမှတ် (၄) သစ်စက်တို့သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး က မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲခြင်းအား သစ်တောကာကွယ် ထိန်းသိမ်းခြင်းကို ဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံး လိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိ ကြောင်း၊ ထွက်ရှိလာသောသစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပစျေးကွက်များရှာဖွေ၍ ရငွေလျာထားချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်းမှာကြားကာ စက်ရုံအတွင်း သစ်ခွဲစိတ်ဆောင်ရွက်နေမှု အခြေအနေနှင့်သစ်ခွဲသားများ လပ်ပုံထိုင်ဆောင်ရွက်ထားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်