ရန်ကုန် စက်တင်ဘာ ၁၆
မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ် (MKCF) အရ မဲခေါင်ရုပ်ရှင်ပွဲတော် (၂၀၂၄) (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မှတ်တမ်းရုပ်ရှင်လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel, Pyay Conference Room ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်- ကိုရီးယားအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံရုံးတာဝန်ခံများ၊ စီမံကိန်းအကြံပေးပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများ၊ စီမံကိန်းစီမံကွပ်ကဲရေးအဖွဲ့ (PIA TEAM) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယနေ့အခမ်းအနားတွင် မှတ်တမ်းရုပ်ရှင် လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့တွင်ကျင်းပနိုင်ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ရိုးရာအားကစား၊ ရိုးရာအစားအစာများမှတစ်ဆင့် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကို ဆွဲဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် တစ်ဦး၏ယဉ်ကျေးမှုကို တစ်ဦးကနားလည်၊ နှစ်သက်၊ ခံစားမိပြီးအချင်းချင်းအပြန်အလှန် လေးစားတန်ဖိုးထားတတ်မှုများ မြင့်တက်လာစေမည်ဖြစ်ကြောင်း၊ မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို အတူတကွနားလည်မျှဝေခံစားတတ်ခြင်းသည် လူ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံချင်းပေါင်းစည်း ဆက်နွှယ်စေနိုင်သည့် သံခင်းတမန်ခင်းတစ်ရပ်လည်းဖြစ်ကြောင်း။
မတူညီသော နိုင်ငံတစ်နိုင်ငံက ရိုးရာအားကစား နည်းတစ်ခု၊ ရိုးရာအစားအစာတစ်ခုကို ပါဝင်ကစားကြည့်၊ မြည်းစမ်းကြည့်သည့်အခါ ဆန်းသစ်သည့် အတွေ့အကြုံ၊ အရသာနှင့်အတူ စိတ်ဝမ်းကြည်နူး စေရုံသာမက အားကစားနည်းတစ်ခုချင်းစီ၊ အစား အစာတစ်ခုချင်းစီတွင်ပါဝင်သည့် အမွေအနှစ်၊ ဓလေ့ယဉ်ကျေးမှုများကိုပါ နားလည်ယုံကြည်သွားစေနိုင်ကြောင်း၊ မဲခေါင်ရုပ်ရှင်ပွဲတော်မှတစ်ဆင့် မဲခေါင်-ကိုရီးယားအဖွဲ့ဝင် နိုင်ငံများ၏ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သဘင်ပညာဌာနမှ ကျောင်းသားကျောင်းသူလေးများက မြန်မာ့ရိုးရာအားကစား သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့မှ စီမံကိန်းအကြံပေးပညာရှင်များက မှတ်တမ်းရုပ်ရှင် လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်