ပျော်ဘွယ် စက်တင်ဘာ ၁၅
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား အလှူငွေနှင့်စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက ရွှေပြည်ရန်နိုင်ရပ်ကွက်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့မှုအခြေအနေများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးမည့်အခြေအနေများ၊ မြို့နယ်အစီအစဉ်ဖြင့် ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် ရေဘေးသင့်ပြည်သူ (၂၄၈၀) ဦး၊ ရေဖြင့်မျောပါသွားသည့် အိမ်ထောင်စု (၂၀) စုနှင့် ရေမျောပါ၍သေဆုံးသူ (၉) ဦးတို့အတွက် စုစုပေါင်းငွေကျပ်သိန်း (၁၀၁၆၂၁၀၀)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပစ္စည်းပုံး(၂)ပုံးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌမှပေးအပ်ရာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးရှောင်စခန်း(၁၄)ခုဖွင့်လှစ်ထားရှိပြီး လူမှုရေးအသင်းအဖွဲ့များနှင့် တစ်ပိုင်တစ်နိုင်အလှူရှင်များကလည်း ထမင်းနှင့်ဟင်း၊ ဆန်၊ ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ သောက်ရေသန့်နှင့် ရိက္ခာခြောက်များကို ကိုယ်တိုင်သွားရောက်လှူဒါန်းလျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)