Skip to main content

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသောကြောင့် မြေနိမ့်ပိုင်းရှိ ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး

တောင်ငူ စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းက အထက်မြစ်ညှာမှ မြစ်ရေများဆုံဆင်းလာ၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။

တောင်ငူမြို့၊ အမှတ် (၁)၊ (၈)၊ (၉)၊ (၁၀)၊ (၁၉)၊ (၂၀)၊ (၂၃)ရပ်ကွက်နှင့် ကျေးရွာများရှိမြေနိမ့်ပိုင်းများ၊ ယိုးဒယားပေါက်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းမကြီးပေါ်သို့ စစ်တောင်းမြစ်ရေ ဝင်ရောက်လျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များပူးပေါင်း၍  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း၊ တောင်ငူမြို့ပေါ်တွင် ရေဘေးရှောင်စခန်း (၅၁) ခု ဖွင့်လှစ်ထားရှိပြီး တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှဦးဆောင်၍ အဆိုပါရေဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကွပ်ကဲမှုရုံးကို သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားရှိကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ဖုန်းနံပါတ်-၀၉၅၀၃၂၆၄၆ သို့ အရေးပေါ်ဆက်သွယ်နိုင်ကြောင်း သိရသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ကျော်လွန်ပြီး အမြင့်ဆုံးရေမှတ် (၈၁၉) စင်တီမီတာသို့ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့နံနက် (၉) နာရီအချိန်တွင် (၈၀၉) စင်တီမီတာသို့ ကျဆင်းခဲ့ကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)