နေပြည်တော် စက်တင်ဘာ ၁၄
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် အနောက် - အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလား ပြည်နယ်ကုန်းတွင်းပိုင်းဒေသများသို့ ဆက်လက်ဖြတ်ကျော်လျက်ရှိသည်။
နောက် (၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ စက်တင်ဘာ ၁၅ ရက်အတွင်း မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ