Skip to main content

အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် ချင်းတိုင်းရင်းသူနှင့် ရခိုင်တိုင်းရင်းသူတို့အား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန် စက်တင်ဘာ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံ သားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့်မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန် ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများမြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံအာဘေးမြို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားချင်းတိုင်းရင်းသူ Lal Lawm Tluangi နှင့် ရခိုင်တိုင်းရင်းသူ မစန္ဒီလင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန်ကိုင်ရိုမြို့ရှိမြန်မာသံရုံးသည် ကာဒစ္စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံသံတမန်စာပေးပို့၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ SEED Organi-zation နှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ဖြင့် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခွင့် (Exit permit) ရရှိခဲ့ရာ စက်တင်ဘာ ၁၂ ရက်တွင် Erbil – Istanbul – Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာ သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့အမိနိုင်ငံသားများအတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုကို အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ-ကနူး