Skip to main content

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့မှုအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၃

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ မြင့်တက်လာမှုနှင့်အတူ မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည်။

ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီး၊ ရွာသစ်ကြီး၊ စည်ပင်ကြီး၊ ညောင်ပင်ကြီး၊ ထိန်ပင်၊ ရှမ်းရွာ၊ သာယာအေး၊ ပေါက်တော၊ အိုင်ဇောက်၊ မွန်းတည့်ခွင်နှင့် စည်ပင်သာကျေးရွာ၊ ပျဉ်းမနားမြို့နယ် ဆင်သေ၊ ဈေးကုန်း၊ မအူနှင့် ကံဦးကျေးရွာ၊ လယ်ဝေးမြို့နယ် အောင်ကုန်း၊ ပေါစံခေါ၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ ဂုံမင်းအိုင်၊ ဟေမန်၊ ဗောဓိကုန်းနှင့် ကြာကန်ကျေးရွာတို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအသင်း/အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခြင်းများ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ရေများပြန်လည်ကျဆင်းသွားသည့် နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားပေးခြင်း အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းဝိုင်းအနီးနှင့် ပန်းယျကျေးရွာအနီး၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အခြားမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းများက ရေဘေးလွတ်ကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက စားသောက်ရေးအခက်အခဲမရှိစေရေးအတွက် ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက်ဖွယ်ရာများကို လိုက်လံဝေငှပေးလျက်ရှိသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။