ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ရှေးဟောင်းအဆောက်အအုံ ၉ လုံးအနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာလ ၁၁ ရက်၊ ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း၊ ခြင်္သေ့ရုပ်မြောက်ဘက်ကပ်လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၅၉၇ သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ မဟာရံတံတိုင်းမြောက်ဘက် ချဉ်မိတ်တိုး၊ အရှေ့ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တောင်အစု) ရင်ပြင် အုတ်ခုံပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျခြင်း၊ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန်ပဲ့ကျခြင်း၊ ဘုရားအမှတ် -၇၁၁ လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်အနည်းငယ်ပဲ့ကျခြင်း၊ အရှေ့ဘက်တံတိုင်းအုတ်များပဲ့ကျခြင်းနှင့် ဘုရားအမှတ်-၃၄၅ ဘုရား အနောက်တောင်ထောင့်နှင့် အနောက်ဘက် အောက်ခြေခုံပဲ့ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက အမြဲမပြတ်စောင့်ကြည့်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဒီပါလင်း