နေပြည်တော် စက်တင်ဘာ ၄
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအားစုဖြစ်သည့် ကျောင်းသားကျောင်းသူလူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏သားကောင်း သမီး ကောင်းများဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပသည့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) နောက်ဆုံးပွဲစဉ် များကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁) နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ယှဉ်ပြိုင်ကစား ကြသည်။
ကွင်းအမှတ်(၁)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွင်းအမှတ်(၃)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါအသင်းများ ယှဉ်ပြိုင်ကစားနေမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်