ရန်ကုန် ဩဂုတ် ၂၈
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ Arbourfield Assessment Center ၌ ဂဟေလုပ်သား Level-1၊ Level-2 အလုပ်အကိုင်အတွက် ဖြေဆိုသူများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရန်ကင်းမြို့နယ်ရှိ Athean Community College တွင် ဟိုတယ်အလုပ်အကိုင်နှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်အားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ ရည်ရွယ်ချက်နှင့်အညီ မြန်မာနိုင်ငံ၏ လုပ်သားဈေးကွက်နှင့်ကိုက်ညီမည့် အလုပ်အကိုင်များအတွက် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုသင်တန်းများပေး၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်မှ ယနေ့ထိ အလုပ်အကိုင် ၅၂ မျိုးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်၍ စစ်ဆေးရေးမှူးနှင့် စစ်ဆေးအကဲဖြတ်သူများ တာဝန်ပေးအပ်ကာ ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးအကဲဖြတ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း။
ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်တည်းခိုချိန်တွင် ဟိုတယ်အသီးသီးရှိ လုပ်သားများအနေဖြင့် မိမိတို့၏ကျွမ်းကျင်မှုများကို အကောင်းဆုံးပြသရန်လိုကြောင်း၊ အလားတူ စက်မှုလုပ်ငန်းများရှိ ဂဟေလုပ်သားများအနေဖြင့်လည်း အကောင်းဆုံးစွမ်းဆောင်မှုပြသ၍ မိမိတို့အသက်မွေးဝမ်းကျောင်း အဆင်ပြေချောမွေ့စေရေး အလေးထားဆောင်ရွက်ပေးရန်နှင့် လုပ်ဖော်ကိုင်ဖက်လုပ်သားများကို အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရယူထားနိုင်ရေး လက်ဆင့်ကမ်းပြောကြားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်