Skip to main content

သဘာဝအငွေ့အသက်များပြည့်နေသည့် လှော်ကားဥယျာဉ်၌ ငှက်ကြည့်ခြင်း၊ တောခရီးကြမ်းလမ်းလျှောက်ခြင်းနှင့် Water activities ပြုလုပ် အပန်းဖြေနိုင်

ရန်ကုန် သြဂုတ် ၂၄

သဘာဝအငွေ့အသက်များ ပြည့်နှက်နေသည့် ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်တွင် Birdwatching ၊ Trekking နှင့် Water activities(SUP & ADV Boat)ပြုလုပ်နိုင်၍ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့နှင့် အနီးဆုံးမြို့ပြ၏ မွန်းကျပ်မှုများကြားမှ ရုန်းထွက်ရန် အကောင်းဆုံးနှင့် မွန်းကျပ်မှုများစိတ်ဖိစီးမှုများ ဖြေဖျောက်ရန်၊ မြို့ပြ၏ ဆူညံရှုပ်ထွေးမှုအဝေးတွင် စိတ်ပြေလက်ပျောက် အနားယူအပန်းဖြေနိုင်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်သော သဘာဝအငွေ့အသက်များ ပြည့်နှက်နေသည့် ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်တွင် Birdwatching ၊ Trekking နှင့် Water activities (SUP & ADV Boat) စသည့် Activity များကို ပြုလုပ်နိုင်ကြောင်း အဆိုပါဥယျာဉ်မှ အသိပေးထားသည်။

Birdwatching အစီအစဉ်အနေဖြင့် ငှက်ကြည့်ဝါသနာအရပဲဖြစ်ဖြစ်၊ ဗဟုသုတအနေဖြင့် လေ့လာချင်သူများအနေဖြင့် Hlawga Birdwatching ကို ရွေးချယ်နိုင်ပြီး သဘောကောင်းသည့် ငှက်ကြည့်လမ်းပြလည်းရှိကြောင်းနှင့် နေ့လယ်စာအတွက်လည်း စီစဉ်ပေးထားသဖြင့် ပေါ့ပေါ့ပါးပါးအပန်းဖြေရင်း ငှက်ကြည့်နိုင်ကြောင်း အသိပေးထားသည်။

ထို့အပြင် အားကစားဝါသနာပါသူများအတွက် တောခရီးကြမ်းလမ်းလျှောက်ခြင်း (Trekking) ကို ရွေးချယ်နိုင်ပြီး Water activities (SUP & ADV Boat)အစီအစဉ်အနေဖြင့် Adventure Boat နှင့် SUP စီးရခြင်း နှစ်သက်သူများအတွက် မိသားစု၊ သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါးစီးနိုင်ပြီး မစီးတတ်သေးသူများအတွက် ဂရုတစိုက်သင်ပြပေးမည့် နည်းပြလည်းရှိကြောင်း၊ SUP ဈေးနှုန်း အနေဖြင့် Week Day များတွင် ငွေကျပ် ၁၅၀၀၀ ၊ Week end များတွင် ငွေကျပ် ၁၈၅၀၀ ဖြင့် အပန်းဖြေလာရောက်စီး၍ ရကြောင်းဖော်ပြထားသည်။

လှော်ကားဥယျာဉ်သို့ YBS စီးပြီး လာရောက်လည်ပတ်ချင်သူများအတွက် 37-ထောက်ကြန့်-ဆူးလေ၊ 41- မှော်ဘီ-သခင်မြ ပန်းခြံ၊ 90 - တိုက်ကြီး-သခင်မြ ပန်းခြံ၊ 105- မှော်ဘီ-ဆူးလေ၊ 106- ဥက္ကံ-ဆူးလေ၊ 96- ထောက်ကြန့်- သာကေတရှုခင်းသာနှင့် 116- ထောက်ကြန့်-ဆူးလေ စသည့် YBS နံပါတ်များထဲမှ မိမိတို့နှင့် နီးစပ်ရာ YBS ကားနံပါတ်များကို စီးပြီး ၃၇ ဂိတ်ဟောင်းမှတ်တိုင်၊ ရန်ကုန် - ပြည် လမ်းမပေါ်ရှိ လှော်ကားဥယျာဉ်ဆိုသည့် ဆိုင်းဘုတ်အတိုင်းဝင်လာခဲ့ရုံဖြင့် လာရောက်လည်ပတ်၍ရကြောင်း လှော်ကားဥယျာဉ်မှ အသိပေးထားသည်။

MT