ရန်ကုန် ဩဂုတ် ၂၃
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ငွေရတုသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ငွေရတုအထိမ်းအမှတ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက သင်ကြားရေးနှင့် သင်ယူရေးအဖွဲ့၏လုပ်ငန်းစဉ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် ခေတ်နှင့်လျော်ညီသော သင်ရိုးများနှင့် သင်ပြနည်းများကိုသုံးသပ်ခြင်း၊ တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင် အထောက်အကူပေးခြင်း၊ သုတေသနလမ်းညွှန်မှု ပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင် အဆင့်မြင့်ပညာ ကဏ္ဍ၌ သုတေသနလမ်းညွှန်မှုပေးခြင်း၊ သုတေသန ပြုနိုင်မည့်အခွင့်အရေးများ ဖန်တီးပေးခြင်း၊ သုတေ သနပညာရှင်များ ပြုစုပျိုးထောင်ပေးခြင်း၊ ပညာဖြန့်ဖြူးရေးနှင့် ပညာပြန့်ပွားရေးလုပ်ငန်းစဉ်တွင် သတင်းအချက်အလက် ဖြန့်ဖြူးရေးနည်းပညာ (Information Technology) နှင့် ကွန်ပျူတာနည်းပညာများ အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်း၊ သုတေသီများ၏စာအုပ်၊ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခွင့်ဖန်တီးပေးခြင်း၊ ပညာရပ်ဆိုင်ရာစာအုပ်များကို ဘာသာပြန်ဆိုခြင်း၊ ပြည်တွင်း၊ ပြည်ပပညာရှင်ကြီးများအား ဖိတ်ခေါ်ပြီး ပညာပေးဟောပြော ပွဲများကျင်းပခြင်း၊ ပညာရှင်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်တွင် ဘာသာရပ်အသီးသီးမှ ထူးချွန်သုတေသီများနှင့် ပညာရှင်များအား ဆုချီးမြှင့်ခြင်း၊ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ရည်မှန်းချက်များ၊ အဖွဲ့အစည်းများ၊ တာဝန်များကိုချမှတ်ပြီးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံပညာရှင် အဖွဲ့ (၂၅) နှစ်ခရီးတွင် စာတမ်းရှင် ၄၄၅ ဦးကို ဆုများချီးမြှင့်နိုင်ခဲ့သည့်အတွက် ပညာရည်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ သုတေသနညီလာခံများမှ အရည်အသွေးပြည့်မီသောစာတမ်းများကို သုတေသနဂျာနယ် နှစ်စဉ်ထုတ်ဝေခဲ့ရာ ယခုအချိန်ထိ ဘာသာရပ်ပေါင်းစုံ ဂျာနယ်အတွဲ ၁၉ တွဲကို ပုံနှိပ်ထုတ်ဝေထားပြီးဖြစ်သည်ကို တွေ့ရပါကြောင်း၊ ပညာပြန့်ပွားရေးအတွက် ပညာရှင်အမှုဆောင်အဖွဲ့ဝင်များက ရေးသားထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ် ၂၆ အုပ်ရှိပါကြောင်း၊ ထပ်မံပြီးမြန်မာနိုင်ငံဝိဇ္ဇာ သိပ္ပံပညာရှင်အဖွဲ့ဆု (Myanmar Academy of Arts and Science Award) ကို တင်သွင်းခဲ့သည့် ပါရဂူကျမ်းများထဲမှ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် စတင်ချီးမြှင့်နိုင်ခဲ့ပါကြောင်း၊ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့၏ ၂၅ နှစ်ခရီး အတွင်း ပညာရှင်အဖွဲ့ဆုရ ကျမ်းပေါင်း ၁၁၄ ကျမ်း ရှိသည်ဟု သိရကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံနှင့်အဆင့်မြင့် ပညာရေး၏အခန်း ကဏ္ဍမှအားသွန်ခွန်စိုက် ကြိုးပမ်းကြရာတွင် အဆင့်မြင့်ပညာကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၏ပညာရည်မြင့်မားရေးမှာ လွန်စွာအရေးကြီးပါကြောင်း၊ ပညာရည်မြင့်မားရန် သင်ကြားသင်ယူခြင်းသက်သက်မျှသာမက အသစ်အသစ်သော အတတ်ပညာများကို ရှာဖွေခြင်း၊ တီထွင်ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်တွေ့အသုံးချခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ပညာရည်မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်များအဖွဲ့က တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက ရိုးရာအကအလှအပများဖြင့် ဖျော်ဖြေကြသည်။
ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ ဒေါက်တာတင်ညိုနှင့် ဒုတိယဥက္ကဋ္ဌဒေါက်တာမောင်ကျော်တို့က ပညာရှင်ကြီးများ၏ဦးဆောင်မှုဖြင့် ပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်ဘွဲ့ရပညာတတ်များအား လေ့ကျင့်ပျိုးထောင်ပေးခဲ့ပုံကို ဗီဒီယိုမှတ်တမ်းများဖြင့် တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးများက ပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုငွေပေးအပ်ရာ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ အခြားဘာသာရပ်တို့မှ ပညာရှင်ကြီးများက ဝမ်းမြောက်ကြည်နူးဖွယ် စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အင်းစိန်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများသို့ရောက်ရှိကာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီးကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပရဝဏ်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်