Skip to main content

တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်၊ စက်တင်ဘာ ၁၅

တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ အကြံပေးပုဂ္ဂိုလ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးရော်မန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်သူလူထုအပေါင်းတို့ခင်ဗျား၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၊ ရွှင်လန်းကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ (Ethnic National Development Party- ENDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရော်မန်း ဖြစ်ပါတယ်။ ယခုလို ကျွန်တော်တို့ပါတီ၏ ရည်ရွယ်ချက်များကို ပြည်ထောင်စုဖွားပြည်သူလူထုကြီးအား ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ တစ်ဆင့် ပြောကြားခွင့်ရရှိတဲ့အတွက် အလွန်ပင်ဂုဏ်ယူဝမ်းမြောက်ဝမ်းသာ ဖြစ်ပါကြောင်းလည်း ဖော်ပြလိုပါတယ်။

နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းတည်ထောင်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်သော နိုင်ငံရေးအမြင်၊ နိုင်ငံတကာဆက်ဆံရေးအမြင်၊ နိုင်ငံတစ်နိုင်ငံနှင့်သက်ဆိုင်သော နိုင်ငံရေး အမြင်၊ ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ လူမျိုးနွယ်စုများနှင့် စီးပွားရေးအမြင်စတဲ့ နိုင်ငံရေး အမြင်အမျိုးမျိုးကိုရှုမြင်ပြီး ဖွဲ့စည်းတည်ထောင်ကြမှာ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၏ရည်ရွယ်ချက်နှင့် ရပ်တည်ချက်တွေကို အကျယ် တဝင့်မပြောဆိုဘဲ အဓိကဦးတည်ချက်ကိုသာလျှင် တင်ပြသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးရှိတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလူမျိုးအသီးသီးမှာ စာပေယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်ရာဘာသာတရား၊ ရိုးရာဓလေ့ထုံးတမ်းများ အသီးသီးရှိကြပါတယ်။ ၎င်းတို့အားလုံးထဲမှာ လူမျိုးနွယ်စုတွေလည်း ပါဝင်ပြီး သူတို့ရဲ့အခန်းကဏ္ဍကို ချန်လှပ်ထားလို့မရသလို သူတို့၏စာပေယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာတွေကိုလည်း တိုးတက်ကောင်းမွန်အောင် မြှင့်တင်ပေးရန်နှင့် ကာကွယ်စောင့် ရှောက်ထိန်းသိမ်းပေးရန် လိုအပ်ပါတယ်။ ကျွန်တော်တို့ပါတီသည် တိုင်းရင်းသားလူမျိုးစုများကို တန်းတူအခွင့်အရေးပေးပြီး လူမျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးသော အစိုးရနှင့် လက်တွဲ ၍ နိုင်ငံတော်အကျိုးဆောင်ရွက်ရမည်ဟု ခံယူထားပါတယ်။ ဤကဲ့သို့ ခံယူထားသည့်အတွက် ကျွန်တော်တို့ ပါတီ၏ ဦးတည်ချက်မှာ

၁။ စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊

၂။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊

၃။ တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်သော တန်းတူအခွင့်အရေးများရရှိရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိနိုင်ရေးတို့ဖြစ်ပါတယ်။
ပထမအချက်ဖြစ်သော စစ်မှန်သောဒီမိုကရေစီစနစ်သည် လူတိုင်းအတွက် မရှိမဖြစ်လိုအပ် သော လွတ်လပ်မှု၊ တရားမျှတမှုတို့ အခြေခံသောစနစ်ဖြစ်၍ လူမျိုးတိုင်းလက်ခံနိုင်သော စနစ် ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ပါတီအနေဖြင့် စစ်မှန်သော ဒီမိုကရေစီပေါ်ထွန်းရေး အတွက် အင်တိုက်အားတိုက်ပါဝင်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်တစ်ခုသာ တည်ထောင်ပါက အဆင် ပြေနိုင်မှာမဟုတ်သည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုပေါင်းပြီး တည်ထောင်ရန်လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လူမျိုးပေါင်းစုံစု၍ နေထိုင်သောနိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်စနစ်သည် လူမျိုးနွယ်စုများ ရသင့်ရထိုက်သောအခွင့်အရေးကို ပေးနိုင်သောနိုင်ငံရေးစနစ်ဖြစ်သလို ထမ်းဆောင်ရမည့် တာဝန်များကို ပြဋ္ဌာန်းနိုင်ပါတယ်။ တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့နေရာမှာ လူမှုဘဝဆက် လက်၍ ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းကာကွယ်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး၊ ပထဝီဝင်နယ်မြေဆက်စပ်၍ နေထိုင်သော လူမျိုးနွယ်စုများစုစည်း၍ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ပေးနိုင်ရေးစတဲ့ အခွင့်အရေးများပေး နိုင်ရေးလည်း ပါဝင်ပါတယ်။

တတိယအချက်ကတော့ တိုင်းရင်းသားလူမျိုးနွယ်စုများ တန်းတူအခွင့်အရေးရရှိရေးပင် ဖြစ်ပါတယ်။ ဤစနစ်ဟာ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်ရန် ကြိုးပမ်းရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပါတီများနှင့်အတူ ပူးပေါင်းပါဝင်၍ လှုပ်ရှားဆောင်ရွက်နိုင်ကြောင်း ဖော်ပြလိုပါတယ်။ ဤစနစ်ဟာ အခွင့်အရေးအပြင် ထမ်းဆောင်ရမည့်တာဝန်များကိုလည်း ပြဋ္ဌာန်းပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်နိုင်ငံတော်လုပ်ဆောင်မှသာလျှင် တိုင်းသူပြည်သားအားလုံးအတွက် အေးချမ်းသာယာနိုင်ပြီး အတူယှဉ်တွဲနေထိုင်ကောင်း သောနိုင်ငံတော် နေချင်စဖွယ်ကောင်းသော နိုင်ငံတော်ဖြစ်မယ်ဟု ယုံကြည်ပါတယ်။ အထူးဖော်ပြလိုတာကတော့ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများကို အုပ်စုနှစ်ခုအားဖြင့် ဖော်ပြလိုပါတယ်။ ပထမအုပ်စုသည် ပထဝီဝင်နယ်မြေ တစ်ဆက်တစ်စပ်တည်း မရှိဘဲ လူမျိုးပေါင်းစုံများနှင့် ရောနှောနေထိုင်သောအုပ်စုနှင့် ဒုတိယအုပ်စုမှာ ပထဝီဝင်နယ်နိမိတ် တစ်ဆက်တစ်စပ်တည်းရှိသော နယ်မြေဒေသတွင် နေထိုင်သောအုပ်စုများ ဖြစ်ကြပါတယ်။ အချို့သောလူမျိုးနွယ်စုများမှာ ပထဝီဝင်နယ်မြေ ဒေသတစ်ဆက်တစ်စပ်တည်းတွင် နေထိုင်သော်လည်း မြို့နယ်သုံးခုထက်မနည်းသော အုပ်ချုပ်ရေးနယ်ပယ်တွင် နေထိုင်သောကြောင့် လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင်လည်း ကောင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်းကောင်း အခက်အခဲများစွာနှင့် ကြုံ တွေ့နေရပါတယ်။ ထိုကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့နေသော တိုင်းရင်းသားလူမျိုးနွယ်စုများမှ လူဦးရေအသင့်အတင့်ရှိပြီး နေထိုင်ရာဒေသ နယ်နိမိတ် အကျယ်အဝန်း အသင့်အတင့်ရှိကာ စာပေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများ ပိုင်ဆိုင်ထားသော သီးခြားလူမျိုးနွယ်စုများကို တစုတစည်းတည်း အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပေးရေးကို အစိုးရထံတောင်းဆိုနိုင်ရန် အတွက် အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ နယ်မြေခွဲခြား၍ နေထိုင်ရသဖြင့် လူဦးရေအားဖြင့် လူနည်းစုအသွင်သို့ ရောက်ရှိကာ အခြားပါတီတွင် ပါဝင်ရေးမှာလည်း အင်အားနည်းသော အခြေအနေဖြစ်နေပါတယ်။ မိမိတို့ မျိုးနွယ်စု ကိုယ်စားပြုပြောဆိုရမည့်သူလည်းမရှိ၊ တောင်းဆိုပေးနိုင်မည့်သူလည်း မတွေ့နိုင်ဖြစ်နေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ပါတီဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မရာပြည်သူ့ပါတီ (Mara People’s Party) အမည်ဖြင့်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီအမည်ဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း ချင်းပြည် နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇)၊ အမှတ်(၉) နှင့် မတူပီမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အခြေအနေအရ ပြည်မတွင်ရှိသော ပါတီနိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသားဒေသတွင်ရှိသော ပါတီနိုင်ငံရေးအခြေအနေများဟာ မတူညီကြပါဘူးလို့ ယူဆပါတယ်။ နိုင်ငံရေးခံယူပုံ၊ ရှုမြင်ပုံပါတီ နိုင်ငံရေးလှုပ်ရှားပုံတွေမတူညီပါ။ ဒီလိုမတူညီသောအခြေအနေမှာ လူမျိုးနွယ်စုများ အနေနဲ့ ပါတီကြီးသို့ဝင်ရောက်၍ ရသင့်သောအခွင့်အရေးနှင့် ပြောရေးဆိုခွင့်တွေရရှိရေး အခွင့် အရေး နည်းပါးနိုင်သည်ဟု ယူဆရပါတယ်။

သို့ဖြစ်ပါ၍ တန်းတူအခွင့်အရေးရရှိရေးနှင့် အေးချမ်းသာယာစွာ ယှဉ်တွဲနေထိုင်နိုင်ရေး၊ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး၊ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်တည်ထောင်နိုင်ရေး၊ တိုင်းရင်းသား လူမျိုးနွယ်စုများ ရသင့်ရထိုက်သော အခွင့်အရေးရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ကြိုးစားနေသော ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီအရွေးခံရန်၊ ရွေးချယ်ထားသောနယ်မြေရှိ ပြည်သူလူထုများအနေဖြင့် ပုဆိန်၊ စပါးနှံ၊ ဓားပုံပါသောတံဆိပ်ကိုသာရွေးချယ်၍ အသည်းနှလုံးကြားက မဲကိုပေးကြပါလို့ တောင်းဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။