Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာနေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်နှင့်ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူမြို့ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ငူမြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် တောင်ငူမြို့ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက တောင်ငူကေတုမတီမြို့ဟောင်းဆိုင်ရာအချက်အလက်များနှင့် သမိုင်းအထောက်အထားများ၊ မြို့ဟောင်းမြို့ရိုးနှင့် ကျုံးတို့၏တည်ရှိမှုအခြေအနေများ၊ ကေတုမတီနန်းတော်နေရာအား ကွင်းဆင်းလျာထားဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့လေးခံတပ်ဆိုင်ရာ အချက်အလက်များ၊ မြို့ရိုးနှင့်ကျုံးကို တူးဖော်သုတေသနပြု‌ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တောင်ငူအကျဉ်းထောင်သစ်ဆောက်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက တောင်ငူမြို့ရှောင် ရထားလမ်းတည်ဆောက်ရန် လျာထားဆောင် ရွက်လျက်ရှိမှုအခြေအနေများနှင့် ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းတွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများနှင့် သွားလာဆက်သွယ်မှုများ ပြတ်တောက်မှုမရှိစေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က တောင်ငူမြို့ ကွက်သစ်ဖော်ထုတ်ရေး လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင်ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေးအနေဖြင့်ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာနေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အကျဉ်းထောင်အသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ လုံခြုံရေးအရ စနစ်တကျတွက်ချက်၍ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်လိုကြောင်း၊ ရထားလမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင်လည်း အစကောင်းမှအနှောင်းသေချာဆိုသည့်အတိုင်း ရေရှည်တည်တံ့ ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန်လိုကြောင်း၊ မြို့ကွက်သစ်များ ဖော်ထုတ်ဆောင်ရွက်ရာတွင်လည်း လမ်းဘေးဝဲယာ၌ သစ်ပင်များစိုက်ပျိုးနိုင်သည့် Green Area များကိုပါ ကြိုတင်လျာထားဆောင်ရွက်သွားရန်လိုကြောင်း၊ တောင်ငူဒေသအတွင်း၌ သီးနှံများစိုက်ပျိုးရာတွင် သီးထပ်များစိုက်ပျိုးနိုင်ပါက ဒေသအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လယ်မြေများအား သီးထပ်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း (၄) သွယ်နှင့်အညီ စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက တစ်ဧကချင်းအထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသအတွက်စားရေးကို အထောက်အကူပြုစေရေး ဥစားကြက်နှင့် အသားစားကြက်များကို မွေးမြူသကဲ့သို့ ဒေသကြက်များ၊ ဒေသနွား၊ ဒေသဝက်များကိုလည်း စနစ်တကျအစာကျွေးမွေး၍ ဆောင်ရွက်သွားနိုင်ကြောင်း၊ နို့စားနွားများကိုလည်း တိုးချဲ့မွေးမြူသွားရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။

ဥပဒေနှင့်အညီကာကွယ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာ ပြန်လည်တည်ဆောက်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကေတုမတီမြို့ရိုးသည် ပြန်လည်ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ အထောက်အထားသေချာသည့်နေရာများကို ပြန်လည်ဖော်ထုတ် သွားရန်လိုကြောင်း၊ အလားတူမြို့ကွက်အသစ်များ ဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက်အဦများကို ဦးစွာပြောင်းရွှေ့သွားရန်လိုကြောင်း၊ ကေတုမတီနန်းတော်ရာနှင့်ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း။

စိမ်းလန်းစိုပြည်ရေးဆောင်ရွက်

အဆောက်အဦများ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ တောင်ငူမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် စံချိန်စံညွှန်းများ ပြည့်မီစေရေးဆောင် ရွက်သွားရန်လိုကြောင်း၊ မြို့ကွက်သစ်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျဖော်ထုတ်ရန်လိုကြောင်း၊ လူနေရပ်ကွက်များရှိ အိမ်ခြံမြေများအတွင်း သစ်ပင်များစိုက်ပျိုးရန်နှင့် လမ်းဘေးဝဲယာများတွင် သစ်ပင်များစိုက်ပျိုး၍ စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများဖောက်လုပ်ရာတွင်လည်း လူသွားပလပ်ဖောင်းများကို အမှန်တကယ်အသုံးပြုနိုင်သည့် လမ်းများဖြစ်အောင် ဆောက်လုပ်ရန်လိုကြောင်း၊ မြို့ကွက်အသစ် တည်ဆောက်ရာတွင် လူနေမှုအဆင့်နှင့်လျော်ညီသည့် ဆေးရုံ၊ ကျောင်း၊ မီးသတ်အဆောက်အဦများ၊ ဈေးများနှင့် ဌာနဆိုင်ရာအဆောက်အဦများကို စနစ်တကျဖြင့် တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။

ခပေါင်းဆည်မှရရှိသည့် ရေများကိုလည်း စနစ်တကျဖြင့် သုံးစွဲရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများ မရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက မကြာခဏမိုင်းထောင်ဖောက်ခွဲခြင်းများရှိသကဲ့သို့ ပညာသင်ကြားရေးဖြစ်သည့် စာသင်ကျောင်းများကိုလည်း နှောင့်ယှက်မှုများပြုလုပ် လျက်ရှိကြောင်း၊ ပညာသင်ကြား ရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့် KG + 12 အောင်မြင်ပြီးသူများအနေဖြင့်လည်း တက္ကသိုလ်ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အတန်းပညာအမှန်တကယ်တတ်မြောက်စေရေး အချိန်ပို သင်ကြားဆောင်ရွက်ပေးရန်လိုကြောင်း၊ အမှန်တကယ်စာတတ်အောင် သင်ကြားပေးမည်ဆိုပါက အနာဂတ်နိုင်ငံ၏ ပညာရေးမှာ များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပညာရည်မြင့်မားလာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်နေရန်လိုကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

အကျိုးရှိစွာအသုံးချနိုင်

စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်ငူခရိုင်အတွင်းရှိ စိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ သီးထပ်စိုက်ပျိုးမှုများ တိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အနည်းဆုံး ၂ သီးမှ ၃ သီးအထိ သီးထပ်စိုက်ပျိုးသွားမည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်လာပါက နိုင်ငံရေးကောင်းလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံ့အရေးများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အသားငါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများကို အဓိကစားသုံးကြသည်ကိုတွေ့ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူဆောင်ရွက်သွားမည်ဆိုပါက အသား၊ ငါးများ ပေါများလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ပြီး ပညာရေးများကောင်းမွန်လာမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်ငူဒေသနှင့်မိတ္ထီလာဒေသသည် နေပြည်တော်နှင့်လက်လှမ်းမီသည့်နေရာများဖြစ်ပြီး မြန်မာနိုင်ငံ၏ အချက်အချာနေရာများဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာ၊ မြို့ရိုးအရှေ့တောင်ထောင့်ရှိ မြို့လေးခံတပ်နေရာနှင့် မြို့ရိုးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့ရိုးအောက်ခြေ ဖောင်ဒေးရှင်းအုတ်ရိုးများကိုဖော်ထုတ်၍ အုတ်ရိုးအတိုင်းလိုက်ကာ မြို့ရိုးကိုဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ် ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ရနိုင်သည့် နေရာများတွင် ဦးစွာတည်ဆောက်သွား ရန်လိုကြောင်း၊ ဘုတ်တလုတ်ကန်ကိုလည်း ပြန်လည်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မြို့ရိုးဖော်ထုတ် ရေးလုပ်ငန်းကို အဓိကဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

လိုအပ်သည်များမှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူဘူတာမှ သောင်းတိုင်ကုန်းဘူတာအကြား အထိ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ တောင်ငူဘူတာရုံ (အသစ်) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူ-ရေတာရှည် ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်း၍ ရထားလမ်းပိုင်းကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တောင်ငူဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်