Skip to main content

နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ်၌ တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူ နှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော် ဩဂုတ် ၂၂

ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် CL-2 တိုက် (၁၀) အခန်း (၁၄) နေ ဒေါ်ဝင်းဝင်းမော် (၅၃) နှစ်သည် ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင် ရုံးမှနေအိမ်တိုက်ခန်းသို့ ပြန်လည်ရောက်ရှိစဉ် အိပ်ခန်းရှိ ဗီရိုအတွင်းထားရှိသော ငွေကျပ်ရောရာ ၄၈၅၈၀၀၀၀ အနက် ငွေကျပ် ၈၀၀၀၀ ကိုသာတွေ့ရှိရပြီး ငွေကျပ် ၄၈၅ သိန်းမှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) နယ်မြေ ရဲစခန်း (ပ) ၃၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် အခင်းဖြစ်ရပ်မှတ်တမ်းများ စစ်ဆေးခြင်း၊ ၎င်းတိုက်တွင် ဧည့်စိမ်းရောက်ရှိနေထိုင်မှု ရှိ/ မရှိတို့ကို စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ CL-2 တိုက် (၁၀) အခန်း (၀၄) နေ စန်းစန်းမော် (၃၈) နှစ်၏ နေအိမ် တိုက်ခန်းတွင် အစ်ကိုဝမ်းကွဲဖြစ်သူ တင်ထွေး (၄၀) နှစ်ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သိရှိရ၍ စန်းစန်းမော်နှင့် တင်ထွေးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စန်းစန်းမော်သည် အစ်ကိုဝမ်းကွဲဖြစ်သူ တင်ထွေးအား အခန်း (၁၄) နေ ဒေါ်ဝင်းဝင်းမော်၏ တိုက်ခန်းအတွင်း ငွေများဝင်ရောက်ခိုးယူရန်စေခိုင်းသဖြင့် ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အဆိုပါတိုက်ခန်းအတွင်း လူမရှိချိန်၌ အခန်းတံခါးသော့ဖျက် ဝင်ရောက်ကာ ငွေကျပ် ၄၈၅ သိန်းခိုးယူခဲ့ပြီး စန်းစန်းမော်နှင့်အတူ CL-4 တိုက် နောက်ကျောဘက်ရှိ ချုံထဲတွင် ကြွပ်ကြွပ်အိတ်အစိမ်းရောင်ဖြင့် ထုပ်၍ဝှက်ထားကြောင်းသိရှိရ၍ သက်သေခံ ပစ္စည်းများအား သက်သေများနှင့်အတူ သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်တွင် တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူတရားခံတင်ထွေးနှင့် စန်းစန်းမော်တို့နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်