Skip to main content

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည်။

အဆိုပါ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ၊ MRTV အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်းပါး ပြိုင်ပွဲမှ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။ 

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက “နိုင်ငံ့အကျိုး မျှော်ကိုးရည် သန်းခေါင်စာရင်းကောက်ကြမည်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ “ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ” ယှဉ်ပြိုင်မှုပုံရိပ်များ Video Clip ကို ပြသပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့က တစ်ဦးချင်း မိတ်ဆက်ကြသည်။

ပါဝင်ယှဉ်ပြိုင်ဖြေဆို

ဆက်လက်၍ “ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ” အစီအစဉ်ကို Round လေးခုဖြင့် ကျင်းပရာ Round (1) တွင် ဘာသာရပ်ဆိုင်ရာ မေးခွန်း(၁၀)ခုကို အဖြေမှန်ရွေးချယ်ခြင်းဖြင့် လည်းကောင်း၊ Round(2)တွင် ဘာသာရပ်ဆိုင်ရာ မေးခွန်း(၁၀)ခုကို အမှား/အမှန် ရွေးချယ်ခြင်း ဖြင့်လည်းကောင်း၊ Round(3)တွင် ဘာသာရပ်ဆိုင်ရာမေးခွန်း (၁၀)ခုကို ကွက်လပ်ဖြည့်နည်းဖြင့် လည်းကောင်း၊ Round(4)တွင် ရုပ်မြင်သံကြားဆိုင်ရာ မေးခွန်း(၁၀)ခုကို TV Spot နှင့် တေးသီချင်းများ ဖွင့်လှစ်ပြသမှုဖြင့် လည်းကောင်း ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ဖြေဆိုကြသည်။

ယင်းနောက် ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ယခုအခါ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလည်း မိမိတို့ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခြင်းဖြစ်ရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် ပံ့ပိုးကူညီဆောင်ရွက် ပေးသူအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း။

သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ရှိသည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်ပြီး သန်းခေါင် စာရင်းကောက်ယူရန် သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း ၁ သိန်း ၁ သောင်းခန့်ရှိမည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် ၄ သောင်း ၂ ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် စာရင်းစစ်၊ စာရင်းကောက်များ၏ မေးမြန်းသည့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိ ပါကြောင်း။

ဆွေးနွေးပြောကြား

ယခု သန်းခေါင်စာရင်းကို နည်းပညာအသုံးပြု၍ Mobile Tablet များဖြင့် ကောက်ယူပြီး ရုံးချုပ်သို့ Online စနစ်ဖြင့် ပေးပို့ဆောင်ရွက်မည်ဖြစ်သည့်အတွက် အချက်အလက်များကို မှန်မှန်နှင့်မြန်မြန်သိရှိနိုင်မည်ဖြစ်ပြီး ရှေ့ပြေးလူဦးရေစာရင်းကိုလည်း အချိန်တိုတိုအတွင်း သိရှိထုတ်ပြန်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များကို မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် အဓိကကျသည့် မှန်ကန်သော မဲစာရင်းပြုစုနိုင်ရေးအတွက် အထောက်အကူပြု အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ရာ လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ပြည်သူများသိရှိနားလည်လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ ပြည်သူလူထုအသိပညာပေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ လှုံ့ဆော်တေးများဖြစ်သည့် “သမိုင်းမှတ်တိုင် စိုက်ထူနိုင်ပြီ” တေးသီချင်းနှင့် “ကျေးဇူးပြု၍ဖြေပေးပါ” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ” ပြိုင်ပွဲတွင် ပူးတွဲပထမဆုရရှိကြသည့် မကဗျာထက်နိုင်နှင့် မခင်နေခြည် ထွန်းတို့အားလည်းကောင်း၊ ပူးတွဲဒုတိယဆု ရရှိကြသည့် မောင်အောင်လင်းခန့်၊ မကေသရီစိုးစံနှင့် မနှင်းဧပရယ်မိုးတို့အားလည်းကောင်း၊ အထူးဆုရရှိသူ ငါးဦးတို့အားလည်းကောင်းဆုတံဆိပ်၊ ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ လှုံ့ဆော်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့အား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်နှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းတို့က လက်ခံရယူကြသည်။ 

ပေးအပ်ချီးမြှင့်

ထို့နောက် “နိုင်ငံ့အကျိုးမျှော်ကိုးရည် သန်းခေါင်စာရင်းကောက်ကြမည်” တေးသီချင်းအသစ်တစ်ပုဒ်အား မေတ္တာဖြင့်တီးခတ်ပေးသော မြဝတီရုပ်မြင် သံကြားတေးဂီတအဖွဲ့နှင့် ၎င်းတေးသီချင်းအား မေတ္တာဖြင့်ရေးစပ်သီကုံးပေးသော ဦးသိန်းရွှေဝင်းတို့အား ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်းပါးပြိုင်ပွဲ (အလွတ်တန်းအဆင့်)တွင် ဆုရရှိသူငါးဦးတို့အား လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆောင်းပါးပြိုင်ပွဲ (ဝါသနာရှင်အဆင့်)တွင် ဆုရရှိသူငါးဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များက ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများ၊ ဆောင်းပါးပြိုင်ပွဲ (အလွတ်တန်းနှင့် ဝါသနာရှင်)အဆင့် ဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စားရိပ်သာ၌ ဆုရရှိကြသူများ၊ ပြိုင်ပွဲဝင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ကြသည်။

မွန်းလွဲပိုင်းတွင် ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ၊ ဆောင်းပါးပြိုင်ပွဲ (အလွတ်တန်းနှင့် ဝါသနာရှင်)အဆင့် ဆုရရှိသူများ၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ News Channel Studio နှင့် Farmer’s Channel Studio တို့တွင် သတင်းရိုက်ကူးထုတ်လွှင့်မှုများအားလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် ခင်းကျင်းပြသထားရှိမှုများအား လည်းကောင်း စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်ကြမည်ဖြစ်ရာ အဆိုပါလုပ်ငန်းစဉ်အပေါ် ပြည်သူများစိတ်ဝင်စားမှုပိုမိုရရှိပြီး ပါဝင်ဆောင်ရွက်လာနိုင်ရေးနှင့် အသိပညာမျှဝေရန်အတွက် လူထုလှုပ်ရှားမှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံပညာအဆင့် အသက် ၁၄ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား ကျောင်းသူ ငါးဦးစီပါဝင်ယှဉ်ပြိုင်သည့် ရေဒီယိုဉာဏ်စမ်းပဟေဠိ ပွဲစဉ် ၅ ပွဲကို ၂၀၂၄ ခုနှစ် မတ်လမှစတင်၍ ဇူလိုင်လအထိ နေပြည်တော်နှင့် ရန်ကုန်တွင် လစဉ်ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲများမှ ပထမနှင့်ဒုတိယဆုရရှိကြသည့် ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့က ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ မှုလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ထုတ်လွှင့်ပြသမည်

အဆိုပါ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပုံများကို ယနေ့ ည ၈ နာရီ သတင်းများအပြီး ည ၉ နာရီခန့်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်