Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့ ကံပြားကျေးရွာ မြို့အဝင်ဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် တရုတ်နိုင်ငံထုတ် Spray Gun ကီလိုဂရမ် ၄၁၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် ဆေးဝါး Recombinant Human Erythropoietin Injection သွေးအားနည်းရောဂါကုသဆေး ၃၉၅ ဘူး၊ အမေရိကန်နိုင်ငံထုတ် အင်တာနက်အပိုပစ္စည်း Starlink Router သုံးစုံအပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၈၀၀၀၀) ကိုလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၈၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတားပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) သာမညမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဓာတုပစ္စည်းများဖြစ်သည့် Aluminium Sulphate ကီလိုဂရမ် ၅၀၀၀ နှင့် Super Cell Blowing Agent ကီလိုဂရမ် ၆၃၀၊ တရုတ်နိုင်ငံထုတ် Organic Peroxide ၆၂၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၈၇၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့အနီး တိုးဂိတ်အကျော်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Pot Scourer Ball For Kitchen အိုးဆေးစတီးခွေ အခု ၁၁၅၀၀ နှင့် မှိုခြောက် ၁၈ ကီလိုဂရမ်ပါ ၆၆ အိတ်အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၉၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Charm Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ပလိပ်မြို့အဝင် BOC ဆီဆိုင်အနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးယာဉ်အပိုပစ္စည်းများဖြစ်သည့် Excavator Spare Part Carrier Roller ကိုးခု၊ Bottom Truck Roller ၁၀ ခုအပါအဝင် ကုန်ပစ္စည်း ၃၉ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၀၃၄၇၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီးနှင့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၀၀၀၀၀) ကိုလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၇၂၄၇၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) နှင့် ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Super Anbo ဆိုင်ကယ်တစ်စီးအပါအဝင် ဆိုင်ကယ်ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀) တို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Naphthol ချွတ်ဆေး ကီလိုဂရမ် ၃၀ ပါ အိတ် ၁၇၀၊ ဝါစေ့ဖတ် ၁၈ ပိဿာပါ အိတ် ၁၁၀၊ နွယ်ချို ၂၅ ပိဿာပါ အိတ် ၃၀ အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၅၄၀၀၀) ကိုလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈၅၄၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ သြဂုတ် ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈၃၁၈၇၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်