ရန်ကုန် ဩဂုတ် ၁၉
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ မေတ္တာအခါတော်နေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားများကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ကပ်လှူပူဇော်
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အသံမစဲမေတ္တာပို့အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ ကမ္ဘာသူ ကမ္ဘာသား၊ ဝေနေယျသတ္တဝါအပေါင်းတို့အား စုပေါင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းစုရပ်မှစတင်၍ ပန်းပေါင်း ၈၄၀၀၀ ဖြင့် ဆင်ယင်ပူဇော်ထားသည့် ပန်းစေတီများ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ပန်းစေတီများ ပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏာဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများကလည်းကောင်း၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများကလည်းကောင်း ပန်းစေတီများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အနုမောဒနာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒွိပိဋကဓရ ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့၀င်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) သက်လွှတ်ပွဲနှင့် ဓမ္မပူဇာမင်္ဂလာသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ဂေါပကရုံး၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓသုံးလောကထွတ်ထားမြတ်စွာဘုရားကို ပင့်လျှောက်ခြင်းနှင့် ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် စေတီတော်ဂေါပကအဖွဲ့ အဖွဲ့ဝင် ဦးဝင်းမြင့်က မေတ္တာအခါတော်နေ့ မေတ္တသုတ်ဓမ္မပူဇာမင်္ဂလာထောပနာအား မြွတ်ကြား၍ ဝတ်အသင်းအဖွဲ့များက မေတ္တသုတ်အမွှန်းနှင့် မေတ္တသုတ်ပါဠိတော်များကို ရွတ်ဆိုခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ဆက်လက်၍ သက်လွှတ်ပွဲကို ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ငှက်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဇော်မင်းလတ်(MNA)