နေပြည်တော် ဩဂုတ် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Shan International Co,Ltd ငါးအအေး ခန်းစက်ရုံ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက်ဆောင်ရွက်ကြသည့် စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား နိုင်ငံသားကတ်နှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကိုမေးမြန်း၍ သန်းခေါင်စာရင်း အင်္ကျီနှင့်ဦးထုပ်များ ဝေငှပေးပြီး လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများက လုပ်ငန်းစဉ်အဆင့်အလိုက် ဥပဒေနှင့်အညီ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေး စနစ်တကျဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေး ကတ်ရရှိပြီးသူများနှင့် အသစ်ထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြ သူများကိုရင်းရင်းနှီးနှီးနှုတ်ဆက် သည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း ရွှေလင်ဗန်း စက်မှုဇုန်အပါအဝင် စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်း ၃၇ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၁၁၅ ကတ်တို့ကို ဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများကို Biographic / Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါ တည်းထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်