Skip to main content

မုံရွာမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့သည်ဟု မဟုတ်မမှန်ရေးသား

နေပြည်တော် ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ထနောင်းတောတောင်ရွာ ဈေးတန်းကို တပ်မတော်က ဩဂုတ် ၁၃ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၁၁ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ မုံရွာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး၏ပြောကြားချက်အရ မုံရွာမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သောင်းကျန်းသူများက အဝေးမှလက်လုပ်လက်နက်ကြီးများ၊ Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိမှန်ခြင်းမရှိဘဲ လူနေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်းသိရှိရပြီး အကြမ်းဖက်အားပေးတရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ်အထင်မြင်လွဲမှားစေရန် လူမှုကွန်ရက်မှတစ်ဆင့် အထောက်အထားမဲ့သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၁ ရက်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အဘွားအိုတစ်ဦးသေဆုံးခဲ့သည်ဟုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၂ ရက်တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်