Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၁

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီးဦးသန့်စင်နှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန၏ အမှုထမ်း၊ အရာထမ်းအိမ်ရာများနှင့် အပျို/လူပျို ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများ၊ အဆောင်များတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်သည့် အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ကျန်းမာရေးနှင့်ညီညွတ်စေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် မိမိတို့နေထိုင်ရာအဆောက်အအုံများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ရုံးအားလပ်ရက်/ ရုံးပိတ်ရက်များတွင် စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့် များ၊ မိမိတို့နေထိုင်သည့် တိုက်ခန်းများ၏ သန့်ရှင်းရေးအမြဲမပြတ် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရှိအောင် ဆောင်ရွက်ကြရန်၊ အိမ်ရာများတွင် မီးဘေးနှင့် လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ်ကြီးကြပ်စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်းနှင့် အိမ်ရာလုံခြုံရေးအတွက် လုံခြုံရေးသတိဖြင့် အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များရှိဝန်ထမ်းများ၏ စားဝတ်နေရေးအဆင်ပြေမှုရှိစေရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှုရှိစေရေးနှင့် ယခုမိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့် အိမ်ရာအချို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးအခြေအနေများအား မေးမြန်း၍ လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်