နေပြည်တော် ဩဂုတ် ၆
သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအစည်းအဝေးများနှင့် တွေ့ဆုံပွဲများတွင် မကြာခဏထည့်သွင်းပြောကြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် အဓိကကျကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှုများ အားကောင်းလာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း။
ဆီထွက်သီးနှံနှင့်ပတ်သက်၍ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည် မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ မြေပဲနှင့်နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ် ပြည်ပသို့တင်ပို့ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ် အသုံးပြုခြင်းများရှိကြောင်း၊ အထွက်နှုန်းများမှာလည်း ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိခြင်းမရှိသောကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ ပိုမိုများပြားလျက်ရှိနေကြောင်း၊ ဆီထုတ်လုပ်ရာတွင်လည်း ဆီကြိတ်စက်များ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ကြောင်း။
အလားတူ နေကြာသည်လည်း ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံတစ်ခုဖြစ်သဖြင့် ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်(၄)ချက်နှင့် စနစ်တကျဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက်စေရေး စိုက်ပျိုးတောင်သူများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ နေကြာကို အမှန်တကယ်တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နေကြာမျိုးများရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်းများနည်းပါးလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှထွက်ရှိသည့် ဆီကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ်သုံးစွဲလျက်ရှိပြီး ဆီကြမ်းများမှ စားသုံးဆီချောထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်နိုင်မည်ဆိုပါက ပျားရည်ထုတ်လုပ်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်နှစ်က ဝါစိုက်ပျိုးဧက ၅ သိန်းခန့် ရှိခဲ့သော်လည်း အထွက်နှုန်းနည်းပါးခဲ့ကြောင်း၊ ဝါစိုက်ပျိုးမှုမှ ထွက်ရှိသည့် ဝါမှ ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို)နှင့် ဝါစေ့များထွက်ရှိလာမည်ဖြစ်ပြီး ဝါစေ့မှ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်ကြောင်း၊ ဝါဂွမ်းကိုလည်း ချည်မျှင်ရှည်ဝါများဖြင့် အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးသည့် အဓိကနိုင်ငံများထဲတွင်ပါဝင်ကြောင်း၊ ဝါစိုက်ပျိုးမှုသည် နိုင်ငံအတွက်ဝတ်ရေးကို များစွာအထောက်အကူပြုစေကြောင်း၊ ဝါဂွမ်းမှ ချည်နှင့်ချည်ပိတ်များထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ချည်ထုတ်လုပ်မှုများ တိုးတက်စေရေးအတွက် စက်မှုလုပ်ငန်းများဖြင့် တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ဝါဖြင့် ချည်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ပါက ဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် တစ်ခေတ်ပြောင်းရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ပြီး ဝင်ငွေများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကာ ဝါစိုက်တောင်သူများနှင့် ဝါနှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်နေသူများ၏ ဘဝများတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးမှုများကို ယခင်ကစိုက်ပျိုးခဲ့သည့် ဧက ၇ သိန်းခန့် ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ဝါစိုက်ပျိုးမှုတိုးတက်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း။
ဝါစေ့ဆီမှ ဆီထုတ်လုပ်ခြင်း၊ ဆီထွက်သီးနှံများမှ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်သည့် ဆီများရရှိစေရေးအတွက် အရည်အသွေးကောင်းမွန်သည့် ဆီကြိတ်စက်များဖြင့် ကြိတ်ခွဲနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စက်မှုလုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးများလိုအပ်ကြောင်း၊ ယခင်ကလည်း မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထုတ်ပေးခဲ့ကြောင်း၊ လိုအပ်ချက်များရှိပါကလည်း နိုင်ငံတော်မှ ရန်ပုံငွေများ ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံနှင့် ဝါစိုက်ပျိုးမှုများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
စပါးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများတိုးတက်စေရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နွေစပါးတိုးချဲ့စိုက်ပျိုးခြင်း၊ စပါးပြီး စပါးစိုက်ပျိုးခြင်း၊ စပါးပြီး အခြားသီးနှံစိုက်ပျိုးခြင်း၊ နွေစပါးပြန်လည်စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပြီး သီးထပ်စိုက်ပျိုးမှုများတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း (၄) သွယ်ဖြင့်စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းများအတိုင်းထွက်ရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် ရေခံ၊ မြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းများ အတိုင်းထွက်ရှိစေရေး တက်ရောက်လာကြသူများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသန္တရရှိနေသည့် နွား၊ ဝက်၊ ကြက်နှင့် ဆိတ်များကို မွေးမြူရာတွင်လည်း နည်းစနစ်တကျမွေးမြူမည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်သည်ကိုတွေ့ရကြောင်း၊ အလားတူ အထွက်ကောင်းမျိုးများကိုလည်း မွေးမြူသွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်တိရစ္ဆာန်အစာများသည်လည်း ဒေသတွင်း၌ ရရှိနိုင်သည်များရှိကြောင်း၊ စနစ်တကျဖြင့် လှောင်၍မွေးမြူသည့် မွေးမြူရေးလုပ်ငန်းများမှ ရရှိလာသည့် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အပြန်အလှန်အကျိုးပြုသည့်လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြားစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အရည်အသွေးမီဝါဂွမ်းများရရှိရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်များ၊ နို့စားနွားမွေးမြူမှုနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုအခြေအနေများ၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝါသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝါစိုက်ပျိုးရန်လျာထားမှုအပေါ် သမဝါယမအသင်းများ ဖွဲ့စည်းပြီးစီးမှုအခြေအနေများ၊ သွင်းအားစုများအတွက် လိုအပ်သည့်ငွေကြေးများ ထောက်ပံ့ပေးထားမှုနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှုတိုးချဲ့ရေးတွင် လိုအပ်သည့် မျိုးနှင့်သွင်းအားစုများရရှိရေး လိုအပ်သည့်ထောက်ပံ့မှုများရရှိအောင် ဆောင်ရွက်ပေးထားမှုနှင့် သမဝါယမစနစ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်ရေးဆောင်ရွက်ပေးထားမှု အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးသမဝါယမစနစ်နှင့် မြစိမ်းရောင်စနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဝါထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ရှိ ဝါကြိတ်၊ ချည်မျှင်၊ စက်ရက်ကန်း၊ အထည်အလိပ်၊ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပျံ့နှံ့မှုအခြေအနေများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီစက်လုပ်ငန်းများ မှတ်ပုံတင်ထားရှိမှုနှင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများ၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှုနှင့် ဖော်ထုတ်ရရှိခဲ့သည့် ရလဒ်များကိုလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ချေးငွေများကို သီးနှံအမျိုးအစားအလိုက် သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ပေးထားလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများကို ခေါင်းစဉ်အလိုက် ထုတ်ပေးထားလျက်ရှိမှုတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဝါနှင့်ပတ်သက်သည့် စက်မှုကုန်ထုတ်လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံများနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နို့စားနွားမွေးမြူမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် တင်ပြချက်များအတိုင်း စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့် စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလိုအပ်ကြောင်း၊ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွစုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှထွက်ရှိလာသည့် ဆီများကို ဒေသတွင်းအပြင် အခြားပြင်ပ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး သမဝါယမအသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ဆီစက်များနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီစက်နှင့် ကုန်ကြမ်းအချိုးညီမျှရန်လိုကြောင်း၊ လိုအပ်ပါက အရည်အသွေးမြင့်သည့် စက်များရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနသာမက ပုဂ္ဂလိကစက်ရုံများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ ဒေသန္တရမွေးမြူရေးကို စနစ်တကျဖြင့် မွေးမြူနိုင်အောင် ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါမွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ထွက်ရှိလာသည့် ကုန်ကြမ်းများ အရည်အသွေးကောင်းမွန်စေရေးအတွက်လည်း စုပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ငွေကုန်ကြေးကျအနည်းဆုံးနှင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးခဲ့သည့် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနှင့်ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးတို့သည် တိုင်းပြည်အတွက်အရေးကြီးသည့် အချက်များပင်ဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း အမျိုးသားရေးရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်၍ဆောင်ရွက်သွားရန်လိုကြောင်း၊ နို့ထွက်ပစ္စည်းလိုအပ်ချက်နှင့်ပတ်သက်၍ ပြည်တွင်းမှ ထွက်ရှိသည့်နို့များကို အဆင့်မြင့်နို့ထွက်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ နို့ထွက်ပစ္စည်းများတင်သွင်းနေရမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့်ကုန်ကြမ်းများရရှိ အောင်ဆောင်ရွက်ရာတွင်လည်း ဒေသန္တရရှိပြီးဖြစ်သည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း၌ စားရေရိက္ခာများ ပေါများလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွက်အဓိကလိုအပ်သည့် စားသုံးဆီနှင့်ဝါ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်သွားမည်ဆိုပါက အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးဆောင်ရွက်ခဲ့သည်များမှ အရေးကြီးသည့် အချက်အလက်များကို အောက်ခြေအဆင့်အထိရောက်သည်အထိ အဆင့်ဆင့်အသိပေးဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊ မွေးမြူခြင်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယနေ့တွင်ဆွေးနွေးခဲ့သည့် ကဏ္ဍအလိုက်ဖော်ထုတ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။