Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ကြည့်ရှုစစ်ဆေး ညောင်ဦးခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော် ဩဂုတ်       

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိစစ်ဆေးသည်။

ကြပ်မတ်စစ်ဆေး

ဦးစွာ အစည်းအဝေးခန်းမ၌ ခရိုင်ဦးစီးဌာနမှူးက ညောင်ဦးခရိုင်အတွင်းရှိ စက်မှုလုပ်ငန်းများအခြေအနေ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ခရိုင်အတွင်းရှိ စက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်၊ ထို့ပြင် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို သိရှိအောင်ဆောင်ရွက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပံ့ပိုးကူညီပေးရန်၊ ခရိုင်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးတွင် စက်မှုကဏ္ဍမှပါဝင်မှုအခြေအနေများကို သုံးသပ်မြှင့်တင်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။

ယနေ့နံနက်ပိုင်းတွင် ညောင်ဦး ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပရာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

အောင်မြင်စွာ ဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ညောင်ဦးခရိုင်အတွင်း၌ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းစုစုပေါင်း ၃၅၅ ခုရှိပြီး MSME လုပ်ငန်းများအနေဖြင့် ၄၀၂ ခုရှိသည်ကို တွေ့ရှိရကြောင်း၊ ညောင်ဦးခရိုင်အနေဖြင့် ပုန်းရည်ကြီးနှင့် ယွန်းထည်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product - OROP) အစီအစဉ်တွင် ပါဝင်ထည့်သွင်းထားသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီး MSME အေဂျင်စီနှင့်ပူးပေါင်းပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံနှင့် လက်တွေ့ဆောင်ရွက်မည့် အစီအစဉ်များဖြင့် ချိတ်ဆက်၍ အောင်မြင်စွာ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း။

ယခုအခါ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး ချေးငွေအဆိုပြုလွှာများ လျှောက်ထားနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နှင့် မတ် ၃၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာထားပြီး ဖြစ်ကြောင်း၊ MSME များ၏ သတင်းအချက်အလက်များ ရရှိနိုင်ရေး၊ MSME မှတ်ပုံတင်လျှောက်ထားနိုင်ရေးတို့ကို Online ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် MSME Web Portal ကို တည်ထောင်ထားရှိပြီး ASEAN Access Web Portal နှင့်ပါ ချိတ်ဆက်၍ MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုများ တိုးတက်လာစေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်ကုန်တွင် MSME လုပ်ငန်းကော်မတီမှဦးစီး၍ ဒေသအသီးသီးရှိ MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်စဉ် တွေ့ကြုံနေရသည့်အခက်အခဲများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့ရှိ မြင်းပျံပုန်းရည်ကြီးလုပ်ငန်း၊ ရွှေမိသားစုဆီစက်လုပ်ငန်း၊ ဦးဘငြိမ်း၏ ယွန်းထည်လုပ်ငန်း၊ ထွန်းယွန်းထည်လုပ်ငန်းနှင့် ကျောက်ပန်းတောင်းမြို့ရှိ စံကီးအာလူးကြော်နှင့် ပဲကြော်လုပ်ငန်း၊ ဇမ္ဗူအေးဆီစက်လုပ်ငန်းများကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်