နေပြည်တော် ဩဂုတ် ၂
စက်မှုဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာနှင့်မွန်မြတ်သည့် စိတ်ထားများအရင်းခံ၍ ငါးပိကြော်၊ ငံပြာရည်ကြော်၊ ဗာလချောင်ကြော်၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ငါးသေတ္တာဘူးများ၊ ဘီစကွတ်များ၊ ငါးပိထောင်းဘူးများ၊ ကော်ဖီမစ်ထုပ်များ၊ ဓာတ်ဆားထုပ်များ၊ ဆေးဝါးများ ထုပ်ပိုးခြင်းလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများက လှည့်လည်အားပေးကြည့်ရှုသည်။
သွားရောက်လှူဒါန်း
စက်မှုဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များအနေဖြင့် နိုင်ငံတော်လုံခြုံရေးတာဝန်များနှင့် ကာကွယ်ရေးတာဝန်များ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် အလှူငွေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်သည်။
အားပေးဂုဏ်ယူ
ထို့ပြင် ဝန်ထမ်းများမှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် “နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေရင်း မိမိကျန်းမာရေးကိုလည်းဂရုစိုက်ပါ၊ မိမိကိုယ်ကိုလည်း ကာကွယ်ထိန်းသိမ်းပါ၊ အမောင်စစ်သည်တို့၏ ဆောင်ရွက်ချက်များကို အားပေးဂုဏ်ယူရင်း ထောက်ခံနေမည်ဖြစ်ကြောင်း၊” “ရှေ့တန်းရောက် တပ်မတော် သားများ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာရရှိမည်ဟု ယုံကြည်ကြောင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်၍ တရားသောစစ် မုချအောင်ရမည်၊” “အမောင်စစ်သည်တို့ အောင်ပွဲနှင့်အတူ ပြန်လာချိန်တွင် သပြေပန်းနှင့်ကြိုဆိုရန် အသင့်စောင့်နေပါမည်၊” “အမောင်စစ်သည်တို့နှင့်အတူ တစ်သွေးတည်း တစ်သားတည်း အတူရပ်တည်နေသည်ကို ခြွင်းချက်မရှိယုံကြည်၍ ပေးအပ်သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း”ဟူသော အားပေးသတင်းအမှာစကားများကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။
သတင်းစဉ်