နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဦးလည်မသုန် အစဉ်ကာကွယ်နေသော၊ တရားသောစစ်ကိုဆင်နွှဲနေသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကစေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းကာ စိတ်အားထက်သန်စွာဖြင့် ချက်ပြုတ်ကြော်လှော်ထားသော စားသောက်ဖွယ်များကို ထောက်ပံ့လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများအား စနစ်တကျထုပ်ပိုးနေမှု၊ လှူဒါန်းပေးပို့နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုက်လံကြည့်ရှုအားပေးကြသည်။
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားဖြည့်ဗီတာမင်ဆေးဝါးများ၊ အာဟာရဖြည့်ဓာတ်ဆားထုပ်များ၊ အကိုက်အခဲပျောက်ဆေးများ၊ တိုင်းရင်းဆေးဝါး(လိမ်းဆေး၊ သောက်ဆေးများ)၊ ငါးခြောက်ကြော်၊ ပုံးရည်ကြီး၊ လက်ဖက်နှပ်၊ ဘီစကွတ်များ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး “ဒို့တာဝန်အရေးသုံးပါးအတွက် တရားသောစစ်ကို ရဲဝံ့စွန့်စားစွာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် အသက်နှင့်ခန္ဓာကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ တိုက်ပွဲဝင်လျက်ရှိကြသော ဇာနည်မောင်ဘွား မျိုးချစ်တပ်မတော်သားများ ဘေးရန်ကင်းကွာပါစေကြောင်း၊ တိုက်ပွဲဟူသမျှ အောင်မြင်ပါစေကြောင်း၊ တရားသောစစ်အောင်မြင်ပါစေကြောင်း၊ ပြည်ချစ်တပ်မတော်သားများအားလုံး အောင်ပွဲများအလီလီရရှိပါစေကြောင်း၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပါစေကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်စောင့်ရှောက်ပေးသည့်အတွက် အထူးပင်လေးစားတန်ဖိုးထားပါကြောင်း” အစရှိသည့် ကျန်းမာရေးဝန်ထမ်းမိသားစုများ၏ ဆုတောင်းမေတ္တာ ပို့သစာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကစုပေါင်း၍ အားဖြည့်ဗီတာမင်ဆေးဝါးများ၊ အာဟာရဖြည့်ဓာတ်ဆားထုပ်များ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၂၆ သိန်းဖိုးခန့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်