Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

နေပြည်တော် ဩဂုတ် ၂

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း ကိုးဆယ်နှင့် ငွေကျပ်သုံးဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းသုံးဆယ်နှင့် ငွေကျပ်သိန်းတစ်ရာ ခုနစ်သောင်းငါးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်တစ်ရာနှစ်ဆယ့်တစ်သိန်းနှစ်သောင်း ငါးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများကပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ကြသည်။

ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ပေးပို့လှူဒါန်းသည့် ငွေကျပ်ငါးရာတစ်ဆယ့်လေးသိန်းတစ်သောင်း ခြောက်ရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်