Skip to main content

ဝံသာနုဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၂


ဝံသာနုဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ‌‌ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားရပါသော မိဘပြည်သူများ ခင်ဗျာ • • •

ကျွန်တော်ကတော့ ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝံသာနုဒီမိုကရက်တစ် ပါတီ ဟာ သမိုင်းလိုအပ်ချက်အရ (၉. ၄. ၂၀၁၀) ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ရန် လျှောက်ထားခဲ့ပါတယ်။ (၂၀၁၀)ပြည့်နှစ်၊ မေလ (၂၇)ရက်နေ့မှာ မှတ်ပုံတင်ခွင့်ရရှိခဲ့ပါတယ်။ ပါတီ၏ အမှတ် စဉ်မှာ (၂၂) ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝံသာနုဒီမိုကရက်တစ်ပါတီဟာ မန္တလေးမြို့ရဲ့အခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်သွားမည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။ ကျွန်တော် တို့ပါတီရဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသား သင့်မြတ် ပေါင်းစည်းရေး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး တို့ပဲ ဖြစ်ပါတယ်။ အမိနိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား လက်တွေ့ ကျကျ မှန်ကန်ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် လုပ်ပိုင်ခွင့် ရယူလိုသည့် ရည်မှန်းချက်ဖြင့် ယခုလာမည့် (၂၀၂၀) ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ အဆုံးအဖြတ်ကို ခံယူ လိုခြင်းလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားမှန်သမျှကို ဖန်တီးနိုင်မယ့် စွမ်းအားသည် မဲဆန္ဒရှင် ပြည်သူများ၌သာ ရှိသည်ဆိုသောအချက်ကို ကျွန်တော်တို့ ဝံသာနု ဒီမိုကရက်တစ်ပါတီမှ ယုံကြည်သောကြောင့် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲဝင်အမှတ်တံဆိပ်အလံနှင့်သင်္ကေတကို အဓိပ္ပာယ်ဖွင့်ဆိုပြချင်ပါတယ်။ အောက်ခံ အနီရောင်ဟာ ရဲရင့်တည်ကြည်ပြတ်သားမှုကို ဖော်ညွှန်းပါတယ်။ ညာဘက် ထောင့်ရှိ ကြယ်ဖြူလေးကတော့ ပါတီ၏ ကိုယ်ပိုင် အလင်းရောင် ရှိခြင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ အလယ်တည့်တည့် အဖြူရောင်စက်ဝိုင်းအတွင်းမှ အစိမ်းရောင် ကဒေါင်းကို အဝါ အနီများဖြင့် ခြယ်မှုန်း ထားခြင်းသည် ဖြူစင် ခြင်း၊ ရဲရင့်ခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း ဟူသော လောကပါလတရားကို အခြေခံပြီး ဖွင့်ဆိုထားခြင်းဖြစ်ပါတယ်။ အစိမ်းရောင် ကဒေါင်းအမြီးဖျားပိုင်း (၁၄)ခုမှာ တိုင်းနှင့်ပြည်နယ် (၁၄)ခုကို ရည်ညွန်းပြီး ပြည်ထောင်စုခိုင်မာမှု စည်းလုံးညီညွတ်မှုများအား ဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။

နိုင်ငံနဲ့ပြည်သူလူထုအပေါ် ကျွန်တော်တို့ပါတီရဲ့ထားရှိတဲ့ မူဝါဒသဘော ထားများကို တင်ပြချင်ပါတယ်။ ကျွန်တော်တို့ပါတီဟာ အမျိုးသား ပိုမို သင့်မြတ်ရေး စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးတို့ကို ဦးလည်မသုန် ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

ပထမဦးဆုံးအနေဖြင့် ကျွန်တော်တို့ပါတီရဲ့ ပြည်တွင်းအမျိုးသား အကျိုးစီးပွားအပေါ် အမြင်သဘောထား ကို ပြောပါရစေ။ အမျိုးသားအကျိုး စီးပွားအတွက် လွတ်လပ်ပြီး တရားမျှတသော ဈေးကွက်စီးပွားရေးစနစ်ကို လက်ကိုင်ထားပြီး အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းမှသည် နိုင်ငံတကာအဆင့်မီ စီးပွားရေးလုပ်ငန်းကြီးများ ရှင်သန်ဖြစ်ထွန်း တိုးတက် စေရေးအပေါ် အလေးထားပြီး ဆောင်ရွက်သွားပါမယ်။

နိုင်ငံသူ နိုင်ငံသားများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို ရေတို/ရေရှည်စီမံကိန်းများချမှတ်ပြီး ဆောင်ရွက်သွားပါမယ်။ အလုပ်သမား များ၏ လုပ်ခလစာ အခွင့်အရေး ရပိုင်ခွင့်များကိုလည်း တိုးတက်ကောင်းမွန် လာအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။

ကျွန်တော်တို့ပါတီရဲ့ နိုင်ငံ့ဝန်ထမ်းများအပေါ်ထားရှိမည့် သဘောထား များ ကို ဆက်လက်တင်ပြလိုပါတယ်-

- ကာလဒေသနှင့်အညီ လုပ်ခလစာ တိုးမြှင့်ခံစားနိုင်ရေး

- နိုင်ငံဝန်ထမ်းအရေး ရပိုင်ခွင့်နဲ့အညီ လူနေမှုဘဝတွင် ဂုဏ်ရှိစွာ ရပ်တည်နိုင်ရေး

- အငြိမ်းစားယူပြီးနောက် လုံခြုံအဆင်ပြေသောဘဝများ ခံစားရရှိ နိုင်စေရေး ကြိုးစားဆောင်ရွက်ပေးပါမယ်။

ပြည်သူ့ရေးရာအပေါ် သဘောထား ကို ဆက်လက်တင်ပြသွားပါမယ်-

- ပြည်သူလူထုတစ်ရပ်လုံးကို အခြေခံဥပဒေ၊ တည်ဆဲဥပဒေများပါ နိုင်ငံသားအခွင့်အရေးများ ခံစားပိုင်ခွင့် ရရှိစေရမယ်။

- ပြည်သူလူထု ကြုံတွေ့နေရသော လူမှုအခက်အခဲ၊ မှုခင်းရေးရာ ပြဿနာများကို လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပြီး ပြည်သူ့အသံ နားထောင်၍ လွှတ်တော်အတွင်းမှဖြစ်စေ၊ လွှတ်တော်ပြင်ပမှဖြစ်စေ ကူညီဆောင်ရွက်ပေးသွားပါမယ်။

- ထိုသို့ဆောင်ရွက်ရာတွင် “ဥပဒေအထက်တွင် မည်သူမျှမရှိစေရ” ဟူသော ဆောင်ပုဒ်နှင့်အညီ ဝံသာနုဒီမိုကရက်တစ်ပါတီမှ အထူး ဦးစားပေး ဆောင်ရွက်သွားပါမယ်။

ကျွန်တော်တို့နိုင်ငံ၏ ပညာရေးကဏ္ဍအပေါ်အမြင်သဘောထား ကို ဆက်လက်တင်ပြလိုပါတယ်-

- ပညာရေးနှင့် ကြံ့ခိုင်ရေးကို မျှတစွာ သင်ကြားပေးပြီး ခေတ်နှင့် လျော်ညီသော အမျိုးသားပညာရေးကို နိုင်ငံတကာပညာရေးနှင့် လိုက်လျော ညီထွေရှိစေရန် အစဉ်လေ့ကျင့် ပြုစုပျိုးထောင်ပေးသွား ပါမယ်။

- အာဂုံဆောင် ပညာရေးထက် အသိအတွေးနှင့် ကျောင်းသားကို ဗဟိုပြုသော ပညာရေးကို ပုံဖော်လေ့ကျင့် ပြုစုပျိုးထောင် ပေးသွား ပါမယ်။

- ကျောင်းပြင်ပ ပညာရေးနှင့် အသက်မွေးမှုရပ်တည်နိုင်သော နိုင်ငံတကာအဆင့်မီ သင်တန်းကျောင်းများဖွင့်၍ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်ဦးထိပ်ထား ဆောင်ရွက်သွား ပါမယ်။

ကျန်းမာရေးအပေါ် သဘောထား ကိုလည်း ဆက်လက်တင်ပြလိုပါ တယ်-

- နိုင်ငံတစ်ဝန်းလုံး ကျေးလက်ဒေသများအပါအဝင် အခမဲ့ဆေးကုသခွင့် ရရှိစေရေး အလေးထားဆောင်ရွက်သွားပါမယ်။

- ဆေးဝါးပြည့်စုံရေး၊ ခေတ်မီကုသရေး၊ ကိရိယာပြည့်စုံရေး၊ ကျွမ်းကျင် ပညာရှင်များ လုံလောက်ရေးတို့ကိုလည်း ဆောင်ရွက်သွားပါမယ်။

ပြည်သူ့ကျန်းမာရေးအစ စာသင်ကျောင်းက ဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားနှင့် ကာယပညာကို ခေတ်မီတိုးတက်စွာ သိနားလည်စေရေး ပညာ ပေးဆောင်ရွက်သွားပါမယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို ဆက်လက်ပြောကြားချင်ပါ တယ်-

- ကျေးလက်ဒေသများမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးအပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့ပြများနှင့် ကွာဟမှုမဖြစ်စေရန် အလေး ထား ဆောင်ရွက်သွားပါမယ်။

တောင်သူလယ်သမားများအပေါ် သဘောထား ကို ဆက်လက်တင်ပြ ချင်ပါတယ်-

- ကျွန်တော်တို့ တိုင်းပြည်ဟာ စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းပြည် ဖြစ်သည်နှင့်အညီ တောင်သူလယ်သမားတို့၏ စိုက်ပျိုးစရိတ် အပါအဝင် အခြားလိုအပ် သော “တောင်သူလိုအပ် ချက်များ” ကို အစွမ်းကုန် ဖြည့်ဆည်း ဆောင်ရွက် ပေးမယ်။

- စိုက်ပျိုးရရှိသော သီးနှံများ အတွက် အာမခံရှိသော ကောက်ပဲသီးနှံ ဈေးကွက် ကို မြှင့်တင်နိုင်ဖို့ ဖော်ဆောင် ပေးပါမယ်။

မျိုးဆက်သစ် လူငယ်များအပေါ် ထားရှိမည့်သဘောထား ကို ဆက်လက် တင်ပြချင်ပါတယ်-

- နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ယူကြရမည့် လူငယ်များကို အသိပညာရှင်၊ အတတ်ပညာရှင်၊ လူတော်/လူကောင်းများ ဖြစ်လာ စေရန် ပြုစုပျိုးထောင်ပေးပါမယ်။

အမျိုးသမီးရေးရာအပေါ် သဘောထား ကို ဆက်လက်တင်ပြလိုပါ တယ်-

- အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက် သွားပါမယ်။

- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေပြီး အမျိုးသား များနှင့် တန်းတူအခွင့်အရေး ရရှိစေရပါမယ်။

- ဘက်ပေါင်းစုံထူးချွန်သော အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက် လာအောင် အလေးထားဆောင်ရွက်သွားပါမယ်။

ကျွန်တော်တို့ပါတီရဲ့ တပ်မတော်အပေါ် သဘောထားများ ကိုလည်း ဆက်လက်တင်ပြချင်ပါတယ်-

- မြန်မာ့တပ်မတော်ဟာ တို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အစဉ်အလာကြီးမားတဲ့ မျိုးချစ်တပ်မတော်အဖြစ် ရပ်တည်စေလျက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ် ရေး၊ လုံခြုံရေးအပေါ် အဓိကတာဝန်ယူ ဆောင်ရွက်မည့် တစ်ခုတည်း သော တပ်မတော်အဖြစ် ရပ်တည်ခွင့်ရှိစေရပါမယ်။

- တပ်မတော်နှင့် ပြည်သူ ကြည်ဖြူစွာလက်တွဲနိုင်ရေး အစဉ်ကြိုးစား ဆောင်ရွက်သွားပါ့မယ်။

ပရဟိတအဖွဲ့များ၏ အခန်းကဏ္ဍများအပေါ် သဘောထား ကိုလည်း တင်ပြပါရစေ -

ကျွန်တော်တို့နိုင်ငံရဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့များသည် နိုင်ငံတော် တည်ဆောက်ရေးနှင့် ပြည်သူ့ဘဝတို့တွင် မရှိမဖြစ် အထောက်အကူပြုနေ သော အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၎င်းပရဟိတအဖွဲ့အစည်း များ ဖွံ့ဖြိုးတိုးတက်လာစေရန် အဆင့်မြင့်ဆောင်ရွက်လာစေရန် လိုအပ်ချက် များကို ကျွန်တော်တို့ ဝံသာနုဒီမိုကရက်တစ်ပါတီက စွမ်းစွမ်းတမံ ကူညီ ဆောင်ရွက်သွားပါမယ်။

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထား ကို ဆက်လက်တင်ပြလိုပါ တယ်-

- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်မှတ်ရေးထိုး ရေးကိစ္စ မဖြစ်မနေ ဆောင်ရွက်သွားကြပါရန်။

- တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ပြည်နယ်အစိုးရကို ဖွဲ့စည်း နိုင်စေပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရရှိစေရန် သဘောထားရှိကြောင်း တင်ပြအပ် ပါတယ်။

နိဂုံးချုပ်အားဖြင့်

“တိုင်းကျိုး ပြည်ပြု ဝံသာနု” ဟူသော ဆောင်ပုဒ်နှင့်အညီ မပြောင်းလဲ သော အပြောင်းအလဲအတွက် အမှန်တကယ်ပြောင်းလဲဖို့ ဝံသာနုဒီမိုကရက်တစ် ပါတီကို မဲပေးကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည် ခင်ဗျာ ... ။

ကျေးဇူးတင်ပါတယ်။