Skip to main content

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကိုဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၂


အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းကေခိုင်အေး က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်သူလူထုအပေါင်းရှင့်။

ကျွန်မကတော့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းကေခိုင်အေး ဖြစ်ပါတယ်ရှင့်။ ယခုလို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံတဲ့ အခါသမယမှာ ကျွန်မအနေနဲ့ ပါတီရဲ့ မူဝါဒများနဲ့ လမ်းစဉ်များကို အကျဉ်းချုပ် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ရဲ့ ပါတီအမည်ကတော့ မြန်မာလို - အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အင်္ဂလိပ်ဘာသာ ဖြင့် National Political Alliance Party NPA ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ ပါတီရဲ့ အလံနဲ့ Logo အမှတ်အသားမှာ အပြာရောင် အောက်ခံတွင် အဖြူရောင် စက်ဝိုင်းအတွင်း ကြယ်ဖြူကြီးတစ်လုံး ပါရှိပါတယ်။ ကြယ်ဖြူကြီးသည် အချုပ်အခြာအာဏာအောက်၌ တစ်စုတစ်စည်းတည်း သွေးစည်းညီညွတ် သော ပြည်ထောင်စုဟူ၍လည်းကောင်း၊ ဖြူစင်ရိုးသားခြင်း၊ အလင်းရောင် ပေးခြင်း၊ ဦးဆောင်လမ်းညွှန်ခြင်းဟူ၍ လည်းကောင်း၊ ရည်ညွှန်းတာ ဖြစ်ပါ တယ်ရှင့်။ အဖြူရောင်စက်ဝိုင်းကြီးသည် အချုပ်အခြာအာဏာ၏ သင်္ကေတ သဘောကို ဆောင်ပြီး အပြာရောင်အောက်ခံကတော့ ငြိမ်းချမ်းခြင်း၊ တည်ငြိမ် ခြင်းနဲ့ တစ်ပြေးညီတစ်သားတည်း ဟူသော အနက်အဓိပ္ပာယ်ကို ဆောင် ပါတယ်ရှင့်။

ဆက်လက်ပြီး ပါတီရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဆက်လက် တင်ပြပါမယ်ရှင့်။ ကျွန်မတို့ပါတီ ကြွေးကြော်သံက “ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် အဓိက၊ ပြည်သူ့ဘဝ တိုးတက်မြင့်မားရေးသည် ပဓာန” ဖြစ်ပါတယ်။ ပါတီဟာ ဒီကြွေးကြော်သံနဲ့ အညီ နိုင်ငံတော်ရဲ့ အနာဂတ်ပန်းတိုင်ဖြစ်တဲ့ “ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး” တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်မတို့ပါတီကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။ ပါတီမှာ ပါဝင်ဆောင်ရွက်ခဲ့ သူတွေဟာ ၁၉၈၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုကြီးကနေ ယနေ့အချိန်အခါတိုင်အောင် မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တစ်လျှောက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူတွေဖြစ် ပါတယ်။ ယနေ့မှာဆိုရင် ပါတီရဲ့ ခေါင်းဆောင်ကြီးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ နိုင်ငံရေးအမွေကို ဆက်ခံပြီး ကျွန်မတို့တစ်တွေ အားသစ်မာန်သစ်နဲ့ ဆက်လက်ကြိုးပမ်း တာဝန်ထမ်းဆောင်လျက် ရှိကြပါတယ်ရှင့်။

ကျွန်မတို့ပါတီဟာ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာရန် လိုအပ်မှု၊ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ပြည်သူ လူထုနှင့် ပါတီစုံအဖွဲ့အစည်းစုံ အချိုးညီမျှတစွာ ပါဝင်သော လွှတ်တော်တစ်ရပ် ပေါ်ပေါက်ရန် လိုအပ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သော ပြည်သူ့ အစိုးရတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်မှုတို့ကို ရှေးဦးကပင် ယုံကြည်မျှော်မှန်း ခဲ့ပါတယ်ရှင့်။ ထိုသို့ ယုံကြည်ချက်နှင့်အညီ ယနေ့ ဒီမိုကရေစီရေး၊ နိုင်ငံအရေး တို့တွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကျွန်မတို့ ပါတီ မဟာမိတ်ပါတီဟာ ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၌ နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် အကြံပေးအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးမှာလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်ရှင့်။

ပြည်သူလူထုအပေါင်းရှင့်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ကိုလိုနီကျွန်ပြုခံဘဝမှာ နှစ်ပေါင်းရှည်ကြာ သွေးခွဲအုပ်ချုပ်ခံခဲ့ရပါတယ်။ အဲ့ဒီအကျိုးဆက်ဟာ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်တည်ဆောက်ရာမှာ ကြီးမားတဲ့ အခက် အခဲကြီးတစ်ရပ် ဖြစ်ပေါ် စေခဲ့ပါတယ်။ လွတ်လပ်ရေးရယူစဉ်က ပင်လုံညီလာခံ နဲ့ ရယူခဲ့ရသလို ဒီနေ့ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုရရှိအောင် ခဲရာခဲဆစ် ကြိုးပမ်းနေ ရပါတယ်။ ဒီလို မတူကွဲပြားမှုဟာ လက်ရှိအခြေအနေမှာ အားနည်းချက်သဖွယ် ဖြစ်နေပေမယ့် အမှန်တကယ် စည်းလုံး ညီညွတ်လာတဲ့ တစ်နေ့မှာ ငြိမ်းချမ်း ရေးဟာလည်း မလွဲမသွေ ရရှိလာပြီးတော့ အားသာချက်တွေ ဖြစ်လာမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်မှာ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း၊ တစ်ခု တည်းသော တပ်မတော် စနစ်သို့ ဦးတည်ပြောင်းလဲခြင်း၊ နိုင်ငံ၏သယံဇာတများ (မြေပေါ်မြေအောက်) နှင့် စွမ်းအင်အရင်း အမြစ်များကို ပြည်ထောင်စုကြီးနှင့် ဖက်ဒရယ် နယ်မြေများ အချိုးကျခွဲဝေသုံးစွဲပြီး ပြည်သူလူထုဘဝ တိုးတက်မြင့်မားရေး၊ နိုင်ငံစီးပွား တိုးတက်ရေးတို့ကို ညီညီညွတ်ညွတ်ဆောင်ရွက်သွားကြဖို့ အထင်အရှားပင် ဖြစ်ပါတယ်ရှင့်။ ဒါကြောင့်လည်း ကျွန်မတို့ပါတီဟာ ငြိမ်းချမ်းရေးသည် ပထမလို့ ကြွေးကြော်ခဲ့ခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူလူထုအပေါင်းရှင့်။

ဒီမိုကရေစီအရေး ပြည်သူ့ဘဝ တိုးတက်မြင့်မားရေးတို့ဟာလည်း ငြိမ်းချမ်း ရေးနှင့် တန်းတူအရေးအကြီးဆုံးကိစ္စများ ဖြစ်တယ်ဆိုတာ မမှိတ်မသုန် ခံယူ ထားပါတယ်ရှင့်။

ဒီမိုကရေစီနိုင်ငံတစ်ခုမှာလည်း စနစ်ကျသော အုပ်ချုပ်မှုယန္တရားက အဓိကကျတဲ့အခန်းက ပါရှိနေပါတယ်။ နိုင်ငံရေးပါတီများဟာ မဲဆွယ်ကာလမှာ ကတိကဝတ်တွေပေးကြပေမယ့် အုပ်ချုပ်ရေးယန္တရား စနစ်တကျပီပြင်မှုမရှိရင် ကတိမတည်နိုင်ဘဲ ပြည်သူရဲ့ အဝေဖန် ခံရတတ်ပါတယ်။ ပါတီတွေ ဘယ်လို ပြောင်းပြောင်း အုပ်ချုပ်တဲ့ ယန္တရားအခြေခံအုတ်မြစ်တွေ မကောင်းရင်တော့ ပြည်သူ့ဘဝ တိုးတက်မြင့်မား ရေးဟာ နှေးကွေးနေမယ်၊ အခက်အခဲတွေ ကြုံတွေ့ နေကြရဦးမယ်လို့ ကျွန်မတို့ပါတီက သုံးသပ်မိပါတယ်ရှင်။

ယနေ့အချိန်မှာ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ အဆင့် တစ်ဆင့်ဆီကို ရောက်ရှိဦးတည်လျက် ရှိနေပါပြီ။ ဒီမိုကရေစီနည်းမကျတဲ့ အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံအဖြစ် တစ်စတစ်စ ကူးပြောင်းလို့နေပါပြီ။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် အောင်မြင်စွာရပ်တည် နိုင်ဖို့ကတော့ အခြေခံအကြောင်းတရားပေါင်းများစွာကို ကျော်လွှား ဖြေရှင်းရဦး မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုပြီး လူတစ်စု ဒီမိုကရေစီမဟုတ်ဘဲ လူထုဒီမို ကရေစီဖြစ်ဖို့ ဝိုင်းဝန်းထိန်းကျောင်းရမယ့် တာဝန်ဟာ နိုင်ငံသား အားလုံးမှာ ကိုယ်စီ တာဝန်ရှိကြပါတယ်။ ကျွန်မတို့ပါတီဟာ ဒီအချက်ကိုလည်း အစဉ်တစိုက် သတိရှိခဲ့ကြပါတယ်။

နိုင်ငံကောင်းအောင်၊ တိုးတက်အောင် ဆိုတဲ့နေရာမှာလည်း တစ်ဦးကောင်း တစ်ဖွဲ့ကောင်းနဲ့ လုပ်လို့မရပါ။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို လူထုလူတန်းစားအားလုံး အချိုးညီညီပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်မှာဖြစ်ပါတယ်ရှင့်။ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ကွဲပြားတဲ့ လူမျိုးစု တို့ အတူလက်တွဲ စုပေါင်းနေထိုင်တဲ့ ကျွန်မတို့နိုင်ငံမှာ အင်အားကြီးသူ၊ အင်အား နည်းသူခွဲခြားမှုမရှိ၊ အားလုံးအရာရာတွင် တန်းတူညီစွာ အခွင့်အရေးရနိုင်စေဖို့ ဖော်ဆောင်ပေးရပါမယ်ရှင့်။ အားလုံးဆောင်ရွက်၊ အားလုံးတွက်တဲ့ ဆိုတဲ့စကား အတိုင်းပါပဲရှင့်။ ဥပဒေအရ တန်းတူညီမျှရှိပြီး ဥပဒေရဲ့ အကာအကွယ်ကို လူတိုင်း မျှတစွာ ရရှိရပါမည်။ လူတိုင်းလွတ်လပ်စွာ ယုံကြည်ခွင့်၊ ဖော်ထုတ်ခွင့်၊ ဆန္ဒ ပြခွင့်၊ တင်ပြခွင့်စတဲ့ ဒီမိုကရေစီ အခွင့်အရေးများကိုလည်း အားလုံးရထိုက်ပါ ကြောင်း တင်ပြအပ်ပါတယ်ရှင့်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ သဘောရှိတာ အားလုံးမျက်မြင်ကိုယ်တွေ့ ပါပဲရှင့်။ အတိတ်ရဲ့ ကောင်းမွေဆိုးမွေတွေကို ဆက်လက်သယ်ဆောင်ပြီး နိုင်ငံတော်သစ် တည် ဆောက်နေတဲ့နေရာမှာ စိတ်ရှည်သည်းခံပြီး ဒီမိုကရေစီစံနှုန်းပြည့်တဲ့ အခြေ အနေကို တဖြည်းဖြည်း ကူးပြောင်းရပါမယ်။ တစ်ချိန်တည်းမှာပဲ တိုင်းပြည်အပေါ် ကျရောက်လာမည့် ပစ္စုပ္ပန်၊ အနာဂတ် အန္တရာယ်အသွယ်သွယ်ကိုလည်း နိုင်ငံတကာက လက်ခံတဲ့ ဖြေရှင်း ဆောင်ရွက်မှုမျိုးနဲ့ ကာကွယ်ဆောင်ရွက်သွားရမှာ လည်း ဖြစ်ပါတယ်။

တိုင်းပြည်ဟာ ဒီမိုကရေစီ အတွေ့အကြုံ ကြွယ်ဝနေပြီဖြစ်တဲ့ ကမ္ဘာ့နိုင်ငံ ကြီးများနဲ့ အာရှ၊ အရှေ့တောင်အာရှက နိုင်ငံအချို့ကဲ့သို့ တည်ငြိမ်ရင့်ကျက်ခြင်း၊ သာယာဝပြောခြင်း၊ ခေတ်မီတိုးတက်ခြင်းဆိုတဲ့ ဒီမိုကရေစီ အသီးအပွင့်တွေ ဖြစ်လာဖို့ရာ အချိန်ကာလတစ်ခုကို ခက်ခဲစွာ ဖြတ်သန်းနေရဦးမှာ ဖြစ်ပါတယ်။ ဒီလိုဖြတ်သန်းရာမှာ ကျွန်မ တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ပါတီစုံ၊ လူတန်းစား ပေါင်းစုံနဲ့ တက်ကြွလှုပ်ရှားပြီး တိုင်းပြည်အကျိုး လိုလားသူအားလုံး၊ တိုင်းရင်း သားလူမျိုးစုများပါမကျန် စည်းလုံးညီညွတ်တဲ့အားကို အရယူဖို့ အထူးပင် အရေးကြီး လှပါတယ်ရှင့်။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနဲ့ ပတ်သက်လို့ လုပ်စရာ၊ ပြောစရာတွေ အများအပြားရှိပေမယ့်လည်း အချိန်ကန့်သတ်မှုအရ ဒီလောက်နဲ့ပဲတင်ပြပြီး ပြည်သူ့ဘဝ တိုးတက်မြင့်မားရေးကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ မဟာမိတ်ပါတီရဲ့ သဘောထားကို ဆက်လက် တင်ပြပါရစေရှင့်။ ပြည်သူ့ဘဝ တိုးတက်မြင့်မား ရေးလို့ ပါတီ၊ အဖွဲ့အစည်းအသီးသီးနဲ့ အစိုးရများက ပြောနေကြပေမယ့် ဒါဟာ လွယ်လွယ်ကူကူကိစ္စမဟုတ်တဲ့အပြင် အဘက်ဘက်မှာ ဆက်နွှယ်နေတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်ရှင့်။ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အသိမ်မွေ့ ဆုံး၊ ခက်ခဲနက်နဲပြီး ရှုပ်ထွေးမှု အများဆုံးကိစ္စတစ်ခုလို့လည်း ပြောရမှာဖြစ်ပါ တယ်ရှင့်။ ပြည်သူ့ဘဝတိုးတက်မြင့်မားဖို့ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေး ကောင်းမွန်နေဖို့လိုသလို နိုင်ငံသားတစ်ဦးချင်းစီရဲ့ ထုတ်လုပ်မှုတန်ဖိုး အများဆုံး ဖြစ်နေဖို့လည်း လိုအပ်ပါတယ်ရှင့်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတုန်းက ကျွန်မ ရှင်းလင်းတင်ပြခဲ့သလို တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်၊ သက်ရှိသက်မဲ့ (ပြည်သူ့စွမ်းအား အပါအဝင်) သယံဇာတနဲ့ အရင်းအမြစ်များကို ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့အညီ နိုင်ငံတော် မှာ မှီတင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး စနစ်တကျ၊ အချိုးအစားကျကျ၊ ညီညီညွတ်ညွတ်၊ မျှမျှတတဖော်ထုတ်ပြီး တိုင်းပြည်သာယာဝပြော ရေးအတွက် သုံးစွဲကြဖို့ဆိုတဲ့ အချက်ဟာဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ပြည်သူ့ဘဝ တိုးတက်မြင့် မားရေးတို့အတွက် သော့ချက်ပဲဖြစ်ပါတယ်။

ဒီလိုထုတ်လုပ်သုံးစွဲပြီး တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ရာမှာ လျှပ်စစ် ဓာတ်အားနဲ့ စွမ်းအင်အလုံအလောက် ထုတ်လုပ်သုံးစွဲ နိုင်ဖို့၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အင်တိုက်အားတိုက်စီးဝင် လာစေဖို့၊ လယ်ယာထွက်ကုန် ဈေးကွက်များ ပြည်ပမှာ ထိုးဖောက် ဈေးကွက် ရှာနိုင်ဖို့၊ အလတ်စားနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေ တစ်ဟုန်ထိုး ကြီးထွားလာစေဖို့၊ ပြည်တွင်းမှာ အလုပ်အကိုင်များ တိုးတက်များပြားစေပြီး အလုပ်လက်မဲ့ နည်းပါးသွားစေဖို့ စသဖြင့်လုပ်ဆောင် စရာ အချက်အလက်တွေများစွာရှိပါ တယ်။

ဒါတွေကို အစိုးရက အခွင့်အလမ်း သာစေတဲ့ ဥပဒေပုဒ်မတွေနဲ့ အားပေးဖို့၊ အကျိုးစီးပွားတွေကို ကာကွယ်ပေး ဖို့၊ အစိုးရက မတည်ပြီး တိုင်းရင်းသား လုပ်ငန်းရှင်တွေကို လွှဲပြောင်းလုပ်ကိုင် စေဖို့၊ အစိုးရပုဂ္ဂလိက ဖက်စပ်လုပ်ငန်းမျိုးတွေနဲ့ လက်တွဲ ဖော်ဆောင်ဖို့ စတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း တိုင်းပြည် တည်ဆောက်ဖို့ အခွန်ထမ်းလုပ်ငန်းရှင်နဲ့ ပြည်သူတွေဆီကရရှိတဲ့ ဘဏ္ဍာ ငွေကို ချွေတာသုံးစွဲပြီး အလွဲမဖြစ်စေဖို့ တာဝန်ယူကြရမှာပါ။ အခွန်အတုပ် ကိုလည်း သက်ဆိုင်ရာမူဝါဒနဲ့အညီ အလျော့အတင်းလုပ်ပြီး စီးပွားရေးတိုးတက် လာအောင် အားပေးအားမြှောက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို လုပ်ကိုင်တဲ့နေရာမှာလည်း အာဏာရအစိုးရတစ်ရပ်ဟာ အဂတိမဖက်၊ ပွင့်လင်းမြင်သာတဲ့ အစိုးရ၊ ပြည်သူ့အကျိုးစီးပွား မျက်ခြည်ပြတ်မခံဘဲ မိမိ ပါတီ၊ အဖွဲ့အစည်းတစ်ခုတည်း ကောင်းစားရေးကို ရှေ့တန်းမတင်တဲ့ အစိုးရ တစ်ရပ် ဖြစ်ရပါမယ်ရှင့်။

လေးစားအပ်ပါသော ပြည်သူလူထုအပေါင်းရှင်။

တိုင်းပြည်သာယာဝပြောပြီး တိုးတက်အောင်လုပ်ရတဲ့ လုပ်ငန်းစဉ်၊ မဟာဗျူဟာ၊ နည်းဗျူဟာ၊ စီမံချက်၊ စီမံကိန်းတို့နဲ့ ပတ်သက်လို့လည်း ယခုလိုအချိန်တိုအတွင်းမှာ ပြီးပြည့်စုံအောင် တင်ပြဖို့ အလွန်အင်မတန် ခက်ခဲလှပါတယ်။ အနှစ်သာရကတော့ ပြည်သူ့ဘဝတိုးတက်မြင့်မားရေးသည် သာ ပဓာနကျတဲ့ အကောင်းဆုံး တိုင်းတာစစ်ဆေးသော မှတ်ကျောက် ဖြစ်ပါ တယ်။ ပြည်သူတွေက ယုံကြည်၍ အပ်နှင်းလိုက်တဲ့ အစိုးရအာဏာကို ပြည်သူ့ အတွက် စင်ကြယ်သန့်ရှင်းစွာ အသုံးပြုမယ်ဆိုရင် ပြည်သူ တွေက ကျေနပ် အားရစွာ ဝန်းရံထောက်ခံနေမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပြည်သူ ကပဲ ဒဏ်ခတ်အရေးယူသွားမှာ ဖြစ်ပါတယ်ရှင့်။

နောက်တစ်ချက်တင်ပြလိုတာကတော့ နိုင်ငံတော်လုံခြုံရေးကိစ္စ ဖြစ်ပါ တယ်ရှင့်။ ယနေ့ ကမ္ဘာနဲ့အဝန်း မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကို ကြည့်ကြည့်၊ နိုင်ငံကာကွယ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းပြည်ဂုဏ်သိက္ခာမြင့်မားရေး တို့အတွက် တပ်မတော်တစ်ရပ်ကို ခေတ်မီ တိုးတက်အောင် အင်အားတောင့်တင်းအောင် ဦးစားပေး တည်ဆောက်နေကြ တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်ရှင့်။

ကျွန်မတို့နိုင်ငံဟာလည်း ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက် တဲ့နေရာမှာ ခေတ်မီပြီး အင်အားရှိတဲ့ တပ်မတော်တစ်ရပ်ထားရှိဖို့ မလွဲမသွေ လိုအပ်မှာ ဖြစ်ပါတယ်ရှင့်။ တင်ပြခဲ့ပြီးတဲ့အတိုင်း ကိုလိုနီနယ်ချဲ့စနစ်ဖြင့် ကျွန်ပြုခံဘဝမှ ရုန်းထွက်ရာမှာ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းနဲ့အတူ လက်ရှိ တပ်မတော်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တဲ့အချိန်မှာပဲ တိုင်းရင်းသား အင်အားစုများကလည်း လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးလာခဲ့ကြပါတယ်။ ဒီပဋိပက္ခရဲ့ အကျိုးဆက်ဟာ တိုင်းပြည်အတွင်းမှာ အတွင်းလှိုက်စားတဲ့ ဝေဒနာ တစ်ရပ်ပမာဖြစ်ခဲ့ပြီး မြွေပူရာကင်းမှောက်ဆိုသလို နိုင်ငံဟာ ဆင်းရဲတွင်း နက်ခဲ့ရပါတယ်။ ကျွန်မတို့ပါတီ မဟာမိတ်ပါတီဟာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့၊ ပြည်သူ့ဘဝမြင့်မားဖို့ ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်မှုတွေကို အလေး ဂရုပြု တက်ကြွလှုပ်ရှားခဲ့တာ အကြံဉာဏ်ပေးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဖက်ဒရယ ်ဒီမိုကရေစီ နိုင်ငံတော်ရဲ့ ဂုဏ်ဆောင်တစ်ခုတည်းသော တပ်မတော် စနစ်ဟာလည်း မလွဲမသွေ ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်ရှင့်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကျွန်မတို့ပါတီ မဟာမိတ်ပါတီ ဟာ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပြည်သူများရဲ့ ပြဋ္ဌာန်းချက်များ၊ ဆုံးဖြတ်ချက်များကို လေးစားစွာ ခံယူလိုက်နာ သွားမှာ ဖြစ်ပါတယ်။ အခြားသော နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းများဟာလည်း ဒီလိုပဲ သန့်ရှင်းစင်ကြယ်သော နည်းလမ်းနဲ့ တရားဥပဒေနဲ့အညီ ယှဉ်ပြိုင် ကြပြီး ပြည်သူ့အဆုံးအဖြတ်ကို ခံယူသွားကြမယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့ မဟာမိတ်ပါတီအနေဖြင့် ဘယ်လိုအခြေအနေပင်ဖြစ်ပါစေ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ပြည်သူ့ဘဝတိုးတက် မြင့်မားရေး တို့ကို မမှိတ်မသုန် ဆောင်ရွက်သွားပြီး နိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့မှာ တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်မယ်၊ နိုင်ငံတော်၏ လွတ်လပ်ရေး အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး တို့ကို တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် အစဉ်အမြဲ သန္နိဋ္ဌာန်ချထားပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ ကျွန်မတို့ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီ NPA ရဲ့ ရှင်းလင်းတင်ပြမှုကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ရှင့်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။