ရန်ကုန် ဇူလိုင် ၂၃
မိုးရာသီတွင် လည်ပတ်ရန် နေရာများစွာရှိသော ကရင်ပြည်နယ် ဘားအံဒေသသို့ ရန်ကုန်တိုင်းဒေသကြီးမှ ခရီးသွားအများဆုံး သွားရောက်လည်ပတ်လျက်ရှိကြောင်း အဆိုပါဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
မိုးရာသီတွင် သဘာဝပတ်ဝန်းကျင်အလှအပများဖြင့်လှပသည့် မြင်ကွင်းများကြောင့် ဘားအံမြို့သို့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေရပ်ဒေသအသီးသီးမှ မိုးရာသီခရီးသွားလာရောက်လည်ပတ်မှုများနေပြီး နေ့စဉ်လူဦးရေ ၄၀၀ ကျော် ၅၀၀ နီးပါး လာရောက်လည်ပတ်မှုရှိကြောင်း ဘားအံဒေသခံများက ပြောသည်။
“ဘားအံက မိုးရာသီဆို တော်တော်လှတော့ လာတဲ့သူတော်တော်များတယ်ဗျ။ များသောအားဖြင့်တော့ ရန်ကုန်ဘက်က အလာများတယ်။ ရုံးပိတ် ရက်တွေဆို လူအပြည့်ပဲ။ ခန့်မှန်းခြေကတော့ နေ့စဉ်ရာဂဏန်းဖြစ်မယ်။ လေးငါးရာလောက်ပေါ့။ ရန်ကုန်၊ မော်လမြိုင်နဲ့ အနီးအနားဝန်းကျင်က လာကြတယ်။ တချို့လည်း နေ့ချင်းပြန်တယ်။ View လှတဲ့ဟိုတယ်တွေဆို တော်တော်လူကျတာ။ တချို့ဟိုတယ်တွေဆို လူပြည့်နေလို့ Booking တောင် ၁၅ ရက်၊ ရက် ၂၀ လောက်ကြိုချိတ်ရတယ်”ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။
လာရောက်လည်ပတ်ကြသူအများစုမှာ လူလတ်ပိုင်းအရွယ်များဖြစ်ပြီး ဆဒ္ဒန်ဂူ၊ တောင်ပိုင်းတောင်၊ ထွန့်ပတိုင်၊ ကျောက်ကလပ်၊ ဇွဲကပင်တောင်၊ လွန်းညရေပြာအိုင်၊ နောင်လုံတောင်ကြားလမ်း၊ ကန်သာယာ၊ ကော့နန်းသာစမ်းချောင်း၊ ကွီးကျယ်စမ်းချောင်းနှင့် ဘရေတံခွန်၊ မူလအိတောင်၊ ဘားအံကမ်းနားညဈေးတန်းအစရှိသဖြင့် နေရာများသို့ သွားရောက်လည်ပတ်မှုများပြီး အခြားသွားရောက်လည်ပတ်နိုင်သည့် နေရာများစွာရှိကြောင်းလည်း ဘားအံဒေသခံတစ်ဦးက ဆိုသည်။
“ဘားအံမှာ လည်ပတ်စရာနေရာတွေများတော့ နေရာအနှံ့သွားလည်မယ်ဆိုရင် နှစ်ရက်၊ သုံးရက်လောက်မှ နေရာစုံမယ်။ တောင်တက်မယ်ဆိုရင်တော့ သုံးရက်လောက်ဆိုနှံ့ပါတယ်။ မိုးရာသီလည်း တောင်တက်လို့ အဆင်ပြေပါတယ်”ဟု ၎င်းက ဆိုသည်။
ခရီးသွားများ လာရောက်လည်ပတ်မှုများသဖြင့် မြို့တွင်းတက္ကစီများ၊ အိုးဝေသမားများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ အစရှိသဖြင့် ဒေသခံများအနေဖြင့် ဝင်ငွေအခွင့်အလမ်း ပို၍ကောင်းမွန်ကြောင်းလည်း ၎င်းက ဆိုသည်။
MT