ရန်ကုန် ဇူလိုင် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ယခင်မော်ကွန်းရုပ်ရှင် ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှု၍ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ မော်ကွန်းရုပ်ရှင်ရုံးခွဲ အဆောက်အအုံ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မော်ကွန်းရုပ်ရှင်ရုံးခွဲ၏ တည်နေရာအနေအထားနှင့် မြေပိုင်ဆိုင်မှုအခြေအနေ၊ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်လျာထားသည့်အခြေအနေနှင့် အဆောက်အအုံကြီးကို ရှေးမူရှေးဟန်မပျက် ပြင်ဆင်ထိန်းသိမ်းလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအဆောက်အအုံသည် နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အအုံကြီးဖြစ်သဖြင့် တန်ဖိုးထားထိန်းသိမ်းရန်လိုအပ်မှု၊ အနာဂတ်ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရန်လိုအပ်မှု၊ နိုင်ငံတော်အစိုးရက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုတို့ကို ဆွေးနွေးမှာကြားကာ အဆောက်အအုံပြင်ဆင်ထိန်းသိမ်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မော်ကွန်းရုပ်ရှင် ရုံးခွဲအဆောက်အအုံသည် ၁၉၂၅ ခုနှစ် တွင် တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်နိုင်ရေးအတွက် စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။ ယခုအခါ ယင်းအဆောက်အအုံကို စနစ်တကျပြင်ဆင်ထိန်းသိမ်း၍ ရုပ်ရှင်ဆိုင်ရာသင်တန်းများကိုဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်