ရန်ကုန် ဇူလိုင် ၁၇
မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပကြောင်း သိရသည်။
လက်ကမ်းစာစောင်များဝေငှ
ဟောပြောပွဲတွင် မင်္ဂလာဒုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ လေဆိပ်ကျန်းမာရေးဌာန၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီနှင့် ရန်ကုန်အေရိုဒရုန်းကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက လတ်တလောဖြစ်ပွားလျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးစီမံချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးစဉ် ဆိုက်ရောက်/ ထွက်ခွာဆောင်၌ နံရံကပ်ပိုစတာကပ်ခြင်း၊ ခရီးသွားပြည်သူများကို လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးကြော်ငြာခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
အလားတူ ပန်းဆိုးတန်း - ဒလဆိပ်ကမ်းတွင် ကူးတို့လမ်းပြေးဆွဲနေသော ချယ်ရီ-၃ ရေယာဉ်ပေါ်၌လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူများက ပန်းဆိုးတန်း - ဒလဆိပ်ကမ်းနှင့် ချယ်ရီ - ၃ ရေယာဉ်ပေါ်၌ နံရံကပ်ပိုစတာများ ကပ်ခြင်း၊ ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပေးကြော်ငြာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်