Skip to main content

မော်လမြိုင်ကျွန်းမြို့တွင် လူငယ် ၂ ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်မှုထမ်းဆောင်ရန် အမည်စာရင်းတွင်ပါဝင်ပြီး လာရောက်သတင်းပို့ခြင်းမရှိသည့် လူငယ် ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၄ ရက်နေ့တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မော်လမြိုင်ကျွန်းမြို့တွင် စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါဝင်ပြီး လာရောက်သတင်းပို့ရန် ပျက်ကွက်သူများမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြခဲ့သည့် အဆိုပါလူငယ် ၂ ဦးမှာလည်း ပြည်သူ့စစ်မှုထမ်းအမည်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် အတည်ပြုပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် လူမှုကွန်ရက်တွင်  လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။