နေပြည်တော် ဇူလိုင် ၁၅
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေး နည်းလမ်းအသစ်တစ်ခုအဖြစ် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး(ရန်ကုန်-ကော့သောင်း-ရနောင်း)နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။
ခွင့်ပြုထား
အဆိုပါ ကုန်သွယ်မှုနည်းလမ်းဖြင့် တင်ပို့၊တင်သွင်းမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဇူလိုင် ၈ ရက်အထိ ပို့ကုန်လိုင်စင် ၁၅ စောင်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ဖိုးနှင့် သွင်းကုန်လိုင်စင် ၅၉၈ စောင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆ သန်း ကျော်ဖိုးကို ခွင့်ပြုထားပြီးဖြစ်သည်။
လုပ်ငန်းစတင်ဆောင်ရွက်မှုအနေဖြင့် Gold Shipping Agency Services Limited ၏ ပထမသင်္ဘောဖြစ်သော MV. BEYPORE SULTAN (VOY-24001) သည် ဇွန် ၃၀ ရက်တွင် ရန်ကုန်မြို့ MIP ဆိပ်ကမ်းမှပြောင်းဖူးစေ့နှင့် သန့်စင်ပြီး သတ္တုများတင်ဆောင်၍ထွက်ခွာခဲ့ရာ ကော့သောင်း ကုန်သွယ်ရေးစခန်း၌ ဇူလိုင် ၈ ရက်တွင် စစ်ဆေးခံ၍ ရနောင်းသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်းနှင့် ရနောင်းဆိပ်ကမ်းတွင် ကုန်ချခြင်း၊ သွင်းကုန်များကို တင်ဆောင်ခြင်းများပြုလုပ်၍ ဇူလိုင် ၁၀ ရက်တွင် ရနောင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
ထို့ပြင် Mawlamyine Century Logistics Co., Ltd (MCL)၏ ပထမသင်္ဘော (MCL 4 ) သည် ရန်ကုန်မြို့ TMT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့၊ သန့်စင်ပြီး ခဲသတ္တုနှင့် အဝတ်အထည်များတင်ဆောင်၍ ဇူလိုင် ၁ ရက်တွင် စတင်ထွက်ခွာခဲ့ရာ ဇူလိုင် ၅ ရက် တွင် ကော့သောင်းကုန်သွယ်ရေးစခန်း၌ စစ်ဆေးခံပြီး ရနောင်းသို့ ဆက်လက်ထွက်ခွာကြောင်း၊ ရနောင်းဆိပ်ကမ်းတွင်ကုန်ချခြင်း၊ သွင်းကုန်များကို တင်ဆောင်ခြင်းများပြုလုပ်၍ ဇူလိုင် ၁၂ ရက်တွင် ကော့သောင်း Check Point သို့ ပြန်လည်ဝင်ရောက်ဆိုက်ကပ်ခဲ့သည်။
အဆိုပါသင်္ဘောပေါ် ပါရှိပစ္စည်းများကို နယ်စပ်ကုန်သွယ်မှု စစ်ဆေးကြီးကြပ်ရေးအဖွဲ့(OSS)က သက်ဆိုင်ရာကဏ္ဍအလိုက်အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ပေ ၂၀ ကုန်သေတ္တာ ၅၆ လုံး၊ ပေ ၄၀ ကုန်သေတ္တာနှစ်လုံး စုစုပေါင်းကုန်သေတ္တာအရေအတွက် ၅၈ လုံး ပါရှိကြောင်းသိရှိရပြီး သင်္ဘောသည် ဇူလိုင် ၁၃ ရက်တွင် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာသွားကာ ဒုတိယသင်္ဘော (MCL 9) သည်လည်း ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းမှ ကုန်တင်ဆောင်ခြင်းများပြုလုပ်၍ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု (ရန်ကုန်-ကော့သောင်း-ရနောင်း)နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာသင်္ဘောနှစ်စင်းဖြင့် ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် သင်္ဘောများဆက်လက်၍ထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်