ရန်ကုန် ဇူလိုင် ၁၄
ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဆန်စပါးကိုရာသီအလိုက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မိုးစပါးစိုက်ခင်းများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ထိုသို့ဆောင်ရွက်ရာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧက ၄၅၀၀၀ ကျော်အား စိုက်ပျိုးရေမပြတ် ပို့လွှတ်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် ရာသီအလိုက် စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် အကျိုးပြုရေအသုံးပြုနိုင်ရန် ပဲခူးခရိုင်၌ဆည်တမံရှစ်ခု၊ ညောင်လေးပင်ခရိုင်၌ငါးခု၊ တောင်ငူခရိုင်၌ရှစ်ခု၊ နတ်တလင်းခရိုင်၌သုံးခု၊ သာယာဝတီခရိုင်၌ရှစ်ခုနှင့် ပြည်ခရိုင်တွင် ခုနစ်ခုတို့ဖြင့် ဆည်တမံ ၃၉ ခုရှိပြီး ရေလွှဲဆည် ၁၃ ခုနှင့် ရေတံခါး ၁၄ ခု တို့ဖြင့် စုစုပေါင်းဆည်တမံ၊ ရေလွှဲဆည်နှင့်ရေတံခါး ၆၆ ခုရှိရာ စိုက်ပျိုးရေပေးဝေခြင်း၊ မိုးရာသီတွင်ရေသိုလှောင်ခြင်း၊ ဆည်တမံကြံ့ခိုင်ရေးကြပ်မတ်ဆောင်ရွက်ခြင်းနှင့် ရေဘေးကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြပ်မတ်လုပ်ဆောင်လျက်ရှိသည်။
အဓိကတာဝန်
“ကျွန်တော်တို့ဌာနရဲ့အဓိကတာဝန်က စိုက်ပျိုးရေသိုလှောင်မယ်၊ ပေးဝေမယ်၊ ရေဘေးကာကွယ်ရေး ဆောင်ရွက်မယ်၊ ပြီးတော့ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တာတို့ဖြစ်ပါတယ်။ စိုက်ခင်းတွေ အောင်မြင် ဖြစ်ထွန်းအောင် ဆည်ရေပေးဝေမှုအပြင် ရေစီးရေလာရှိတဲ့ချောင်းတွေကို ချောင်းပိတ်မြောင်းပိတ်ပြုလုပ်ပြီး စိုက်ပျိုးရေပေးဝေတာ၊ မိုးရာသီဆိုရင် ရေသိုလှောင်ပြီးတော့ ထိန်းညှိတဲ့လုပ်ငန်းကိုလည်း လုပ်ဆောင်ရပါတယ်။ ပြည်ခရိုင်ဟာ မိုးခေါင်တာကြောင့် ပျိုးထောင်ဖို့ရေက အစလိုအပ်တဲ့စိုက်ပျိုးရေကို ဖြည့်ဆည်းဆောင်ရွက်ပေးရပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်ရဲ့လမ်းညွှန်မှုကို အပြည့်အဝ အကောင်အထည်ဖော်ရာမှာ စိုက်ပျိုးရေဟာ အဓိကကဏ္ဍဖြစ်တာကြောင့် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တောင်သူတွေလိုအပ်တဲ့ စိုက်ပျိုးရေကိုပေးဝေနိုင်မှုဟာ စိုက်ပျိုးတောင်သူတွေရဲ့ လူမှုစီးပွားဘဝကို အထောက်အကူဖြစ်စေတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုဦးကပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ယခုမိုးရာသီ၌ မိုးစပါးစိုက်ခင်း ၄၅၀၀၀ ကျော်အား ဇွန်လတတိယပတ်မှစ၍ စိုက်ပျိုးရေပို့လွှတ်ပေးလျက်ရှိကာ ဒီဇင်ဘာလအထိ စိုက်ခင်းများ ရေမပြတ်ရရှိနိုင်ရန် စီမံဆောင်ရွက်ထားကြောင်းနှင့် ပြည်ခရိုင်ရှိ မိုးစပါးဧက ၄၅၀၀၀ ကျော်အား ဆည်တမံများမှ စိုက်ပျိုးရေမပြတ် ပို့လွှတ်လျက်ရှိကြောင်း သိရသည်။
သတင်း - သစ္စာ(mna)
ဓာတ်ပုံ - ပဲခူးဆည်မြောင်း