ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရရှိသည့် စာရေးဆရာနေဇင် (ပေါက်ခေါင်း) ၏ “မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် တပ်မတော်သားတစ်ဦး အမိစစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းမှ သင်တန်းဆင်းပြီးနောက် ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ မိခင်တပ်ရင်းသို့ ရောက်ရှိခဲ့သည်။ ရောက်ရှိပြီးမကြာမီ တိုက်ပွဲဝင်စည်းရုံးရေး (အရာရှိ) သင်တန်းတက်ရသည်။ ထို့နောက်နမ္မတီးမြို့ မြောက်ဘက်ရှိ နမ်းခမ်းခ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်ရာ၌ ပါဝင်ခဲ့သည်။ တစ်ဖန်ခြေလျင်တပ်စုမှူးသင်တန်းဆင်းပြီး မိခင်တပ်သို့ပြန်ရောက်သောအခါ နယ်မြေမှာ မအေးချမ်းတော့၍ စစ်ဆင်ရေးထွက်ရသည်။ စစ်ဆင်ရေးကာလအတွင်း စစ်ကြောင်းတစ်လျှောက် တိုင်းရင်းသားရွာစဉ်များကို နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတို့ဆောင်ရွက်ပေးရသည်။ မအေးချမ်းသောဒေသဖြစ်၍ သောင်းကျန်းသူများနှင့် ထိတွေ့မှုများရှိခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်အသံတို့မှာ နားကွဲမတတ် ခံစားခဲ့ရသည်။ အတွေ့အကြုံကနုနု မုန်တိုင်းက ထန်ထန်ဖြစ်ခဲ့သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်ထားသူပီပီ စစ်သည်ရဲဘော်ရဲဘက်များနှင့် လက်တွဲမဖြုတ် သံမဏိစိတ်ဓာတ်ဖြင့် ရန်သူကိုမကြောက်မရွံ့ တိုက်ပွဲဝင်ခဲ့ကြသည်။ စစ်ဆင်ရေးတို့မည်သည် ရန်သူအလစ်အငိုက်ရှိမည့် အချိန်အခါကိုတွက်ချက်၍ ဆင်နွှဲကြသည်ဖြစ်ရာ ချီတက်ချိန်တို့သည် ညဘက်ချည်းသာဖြစ်၍ ကြယ်ရာင်၊ လရောင်တို့ကို အားကိုးခဲ့ရသည်။ အစားဆင်းရဲ၊ အနေဆင်းရဲ၊ သောက်စရာရေပင်မရှိ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် တရားသောစစ်ပွဲကို ဆင်နွှဲကြသည့် ပြည်သူ့တပ်မတော်ကသာ အောင်ပွဲရသည်ချည်းဖြစ်သည်ကို ရိုးရှင်းပြေပြစ်သော စကားပြေအရေးအသား၊ ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကားကို ကြည့်ရှုနေရသကဲ့သို့ စိတ်ဝင်စားဖွယ် သရုပ်ဖော်တင်ပြနိုင်စွမ်းရှိသည်ကို တွေ့ရသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၃၀၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်