မအူပင် ဇူလိုင် ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာအုပ်စု ဇီးဖြူစုကျေးရွာရှိ တောင်သူ ဒေါ်နီနီမိုး၏ လယ်မြေငါးဧက၌ ကျင်းပသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် စနစ်တကျပျိုးထောင် ကောက်စိုက်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာအုပ်စု ရန်ကုန် - ပုသိမ် ကားလမ်းဘေးရှိ Top Dairy Fam နို့စားနွား မွေးမြူရေးခြံသို့ရောက်ရှိကာ နွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မအူပင်မြို့နယ် ဝါးတောကျေးရွာအုပ်စု ထနီထောင့်ကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ရေကင်းစခန်း အမှတ်(၁၆)သို့ ရောက်ရှိပြီး တာတမံများအခြေအနေနှင့် ရေဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်၍ (မီးသတ်ဦးစီးဌာနမှမိုးရာသီရေဘေး ရှာဖွေကယ်ဆယ်သရုပ်ပြမှုနှင့် ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု ငါးကြီးဂရက်ကျေးရွာရှိ တောင်သူ ဦးလှအောင်၏ လယ်မြေ ၁၆ ဧက၌ ဆင်းသုခစပါးမျိုးကို မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မအူပင်မြို့ တိုးရွှေဝါခန်းမ၌ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်တို့မှ တောင်သူများနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး ဆောင်ရွက်နေသော တောင်သူများကို သွင်းအားစုနှင့် မျိုးစေ့များ ပေးအပ်သည်။
ထို့နောက် ညောင်တုန်းမြို့ တဇင်ရေကျော်အုပ်စု အသင်းစုကျေးရွာရှိ အာရှသားငါးမွေးမြူရေးကန်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ငါးမွေးမြူရေးလုပ်ငန်းနှင့် ထုတ်လုပ်ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဆားမလောက်ကျေးရွာရှိ ပညာရောင်ခြည်စာကြည့်တိုက်သို့ရောက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျေးလက်စာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်စာစောင်ပေးအပ်ပွဲသို့ တက်ရောက်ကာ ပညာရောင်ခြည်စာကြည့်တိုက်အတွက် ထောက်ပံ့ငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်