ကော့သောင်း ဇူလိုင် ၁၀
နယ်စပ်ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့် ရန်ကုန် - ကော့သောင်း - ရနောင်းသို့ ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းမှ ထွက်ခွာလာသော ကွန်တိန်နာသင်္ဘောကြီးမှာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ် Check Point ပြခဲ့ပြီး ထိုင်းနိုင်ငံရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရနောင်းမြို့သို့ နယ်စပ်ကုန်သွယ်ရေး (Border Trade Method) စနစ်ဖြင့် ရောက်ရှိလာသည့်အဆိုပါ ကုန်တင်သင်္ဘောမှာ ကော့သောင်းမြို့ဆိပ်ကမ်းတွင် Check Point အစစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပို့ဆောင်မည်
လက်ရှိတွင် မြဝတီ၊ ဘုရားသုံးဆူ၊ ကယားပြည်နယ်၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ဆိုင်းငံ့ထားကြောင်း၊ ရေကြောင်းခရီးကို အသုံးပြုပြီးကွန်တိန်နာစနစ်ဖြင့် သွားရန်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပုံစံအသစ်စနစ်အသစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်တိန်နာသင်္ဘောကြီးမှာ အိန္ဒိယသင်္ဘော MV - BEYPORE SULTAN ဖြစ်ကာ သန့်စင်ပြီး ခဲသတ္တု ၉၉ တန်ပါ ကွန်တိန်နာ လေးလုံး၊ ပြောင်းဆန်တန် ၁၃၀၀ ပါ ကွန်တိန်နာ ၅၂ လုံးတို့ကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဇူလိုင် ၇ ရက် ညတွင် ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၈ ရက်တွင် အစစ်ဆေးခံကာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်က တနင်္သာရီ တိုင်းဒေသကြီးမြိတ်မြို့ ပုလဲသန္တာဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ - ထိုင်းဒေသအဆင့် နယ်ခြားကော်မတီအစည်းအဝေးမှရရှိခဲ့သော ရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)