တောင်ကြီး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကော်မတီအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ(၃)နာရီ က မိုးမိတ်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
တွေ့ဆုံပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါ်မြမြက လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် မဲစာရင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်း၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းတို့မှ လုပ်ငန်း ဆောင်ရွက်ချက်များ တင်ပြကြ ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အလှူငွေကျပ်(၁၀)သိန်းစီကို မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ထောက်ပံ့ပေးအပ် ရာ တာဝန်ရှိသူ အသီးသီးတို့မှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးမိတ်မြို့ဌာနပေါင်းစုံ စုပေါင်းဝန်ထမ်း အိမ်ရာ(၄)ခန်းတွဲ၊ (၄)ထပ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ အဆိုပါ စုပေါင်းဝန်ထမ်း အိမ်ရာသည်(၄)ခန်းတွဲ(၄)ထပ်(၁)လုံး အခန်းပေါင်း(၁၆)ခန်း သံကူကွန်ကရစ် (၄)ထပ် အဆောက်အအုံ၊ အိပ်ခန်း(၂)ခန်းပါရှိပြီး စီမံကိန်းတန်ဘိုးမှာ(၄)ခန်းတွဲ (၄)ထပ်(၁)လုံး ကျပ်သန်း (၃၈၀.၀၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ က လုပ်ငန်းစတင်ဆောင်ရွက်ပြီး ၂၀၂၀ ပြည့် နှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)