နေပြည်တော် ဇူလိုင် ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်သင်ကြားရေး ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါကျောင်း၌ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မိမိရပ်ကွက်၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်စေရေး၊ စံပြရပ်ကွက်/ကျေးရွာများဖြစ်အောင် ဆောင်ရွက်ကြရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ဒက္ခိဏသီရိမြို့နယ် ထန်းတပင်တောရ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်းရှိ သုခကာရီစာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်၌ စာအုပ်စာစောင်များ ခင်းကျင်းထားမှုနှင့် ကျေးရွာနေပြည်သူများ၊ လူငယ်၊ လူရွယ်များ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်တောရ ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော်အား သွာရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး၌ တပ်ကုန်းမြို့နယ် ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒာသီရိ သက်တော်ရှည်မြို့ရှေ့စန္ဒာရုံဆရာတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရတော်မူသော တပ်ကုန်းမြို့နယ်မှ ဆရာတော်ငါးပါးနှင့် သီလရှင်တစ်ပါးတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် သော်တာကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (MRTV) သို့ ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များသင်ကြားမည့် စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာကွင်း အမှတ် (၁၃၁၀) ၌ မိုးစပါးအခြောက် မျိုးစေ့ချကိရိယာ (Dry Seeder) ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့တက်ရာက်ပြီး ခရမ်းစပ်ကုန်းကျေးရွာအုပ်စုမှ တောင်သူများကို မျိုးစေ့ချကိရိယာများပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ဒေါက်တာဇော်ထူးမြင့်၏ အသားတိုးဝက်မွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်