ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မီဒီယာများမေးမြန်းထားတာကို ပြန်လည်ပြောကြားသွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ ငွေအေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်မှာဖြစ်ပါတယ်။ အဲ့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ဇူလိုင်လ ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိကြောင်းတွေ့ရှိရပါတယ်။ အဲ့ထဲကဆေးရုံတက်ရောက်ကုသသူ ၉ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာတစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီးမှာတက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယဆေးရုံမှာတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်ပွားတဲ့နေရာ ဒေါပုံမြို့နယ်၊ ငွေအေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေ ပြည်သူ့ကျန်းမာရေးအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲ့ဒီနေရာမှာ အိမ်ခြေ ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာက ၁၂ ခန်းသာရှိကြောင်းတွေ့ရပါတယ်။ ဒီဟာကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေတဲ့အကြောင်းအရင်းလို့ပဲသုံးသပ်ရပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစောစီးစီးကုသပေးနိုင်ဖို့ အဲ့ဒီနေရာမှာပဲ ဆောင်ရွက်လျက်ရှိပါတယ်။ လိုအပ်တဲ့ကိစ္စများဖြစ်တဲ့ လမ်းဘေးစားသောက်ဆိုင်တွေကို ယာယီပိတ်ထားတာတွေ၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ခုနကျွန်တော်ပြောတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိပါဘူး။ အဲ့ထဲကမှာ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်မဟုတ်ဘဲနဲ့ နဂိုကတည်းကတိုင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဒီရပ်ကွက်တွေကို သွားရောက်စစ်ဆေးပြီးတော့ ယာယီဆေးခန်းဖွင့်လှစ်ပြီး လူနာသစ်တွေလာရောက်ပြသမှု အခြေအနေတွေကိုလက်ခံတာတွေ တိုင်းဒေသကြီးကတာဝန်ရှိအဖွဲ့အစည်းတွေ၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ၊ Volunteer တွေကနေပြီး ရပ်ကွက်အတွင်း သန့်ရှင်းတဲ့ရေရရှိရေး ကလိုရင်းဆေးခတ်တာတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်တာတွေ၊ ရေသန့်ဖြန့်ဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် လူနာနေအိမ်တွေသွားရောက်ပြီး ရောဂါဗေဒဆိုင်ရာတွေကို စုံစမ်းထောက်လှမ်းတာတွေ၊ လူနာနဲ့အနီးကပ်ထိတွေ့လူတွေကို ကျန်းမာရေးပညာပေးတာတွေ၊ ပဋိဒေဝဆေးတွေတိုက်ကျွေးတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့ကလည်း သွားရောက်ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကူးစက်) ညွှန်ကြားရေးမှူးဦးစီးတဲ့ ဗဟိုတုံ့ပြန်ရေးအဖွဲ့စေလွှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာပြောချင်တာက ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ မိုးဦးကာလမှာဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး သတိပြုဖွယ်ရာတွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လှုံ့ဆော်စာတွေထုတ်ပြန်ပေးလျက်ရှိပါတယ်။ ဒီလှုံ့ဆော်စာတွေ၊ တိုက်တွန်းချက်တွေကိုသေချာဖတ်ပြီး ကြိုတင်ကာကွယ်တာတွေ၊ ကြိုတင်တားဆီးတာတွေ၊ လိုက်နာတာတွေဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ကတော့ ရေကိုကြိုချက်သောက်တာ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း ကလိုရင်းဆေးခတ်ပြီးသောက်တာ၊ အစားအစာတွေကိုသန့်ရှင်းစွာချက်ပြုတ်ပြီး ယင်မနားအောင်ဖုံးအုပ်ထားတာတွေ၊ ယင်လုံအိမ်သာများအသုံးပြုဖို့ ဒါတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အဆက်မပြတ်စောင့်ကြည့်ဆောင်ရွက်လျက်ရှိသလို ဒေသဆိုင်ရာအာဏာပိုင်များကလည်း အဆက်မပြတ်စောင့်ကြည့်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအာဏာပိုင်များရဲ့ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးသတိပေးချက် လှုံ့ဆော်မှုတွေကို အတူလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့မေတ္တာရပ်ခံလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။