Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဇူလိုင် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရဝုဏ်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရေးအတွက် အဆင့်မြင့်နည်းပညာများ သင်ကြားပို့ချပေးနိုင်ရေးစသည့် ရည်မှန်းချက်များဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ပေးခဲ့ပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ် (၇) ခုကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။

နေပြည်တော်နည်းပညာတက္ကသိုလ် ၁ ခုတည်းဖြင့် ပြည့်စုံလုံလောက်မှုမရှိဟု ယူဆသည့်အတွက် Naypyitaw State Polytechnic University အသစ်တည်ဆောက်ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြင်တွေ့ရသည့်အတိုင်း လာမည့်ပညာသင်နှစ်တွင် Naypyitaw State Polytechnic University အဖြစ် အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားနိုင်ရေးလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ကြောင့်လည်း ယခုကဲ့သို့ဂုဏ်ယူဝင့်ကြွားဖွယ်ရာ တက္ကသိုလ်ကြီးတွင် တက္ကသိုလ်များ၏ အင်္ဂါရပ်များနှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပသည့် ပရဝုဏ်ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စိတ်လက်ကြည်လင်ပြီး အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေး၊ ရာသီဥတုသာယာမျှတစေရေး၊ သစ်ပင်သစ် တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးနှင့် တီထွင်ဆန်းသစ်သည့် အင်ဂျင်နီယာနည်းပညာများဖြင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်စေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ယခုသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း။

ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုဘဝသာယာဝပြောရေးတို့အတွက် သစ်ပင်သစ်တောများသည် အလွန်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေကြောင်း၊ သစ်တောများကို စိုက်ပျိုးပြုစုထိန်းသိမ်းကြရာတွင် ယနေ့ခေတ် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဆန်းသစ်မှုများကို သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အကျိုးရှိအောင် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားမည်ဆိုပါက သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်ပြီး နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုပေးနိုင်မည် ဖြစ်ကြောင်း။

ဥပမာအားဖြင့် သစ်တောအခြေပြုနည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးလာခြင်းကြောင့် ပလတ်စတစ်သုံးစွဲမှုအစား ဇီဝဖြစ်စဉ်အတိုင်း ဆွေးမြေ့နိုင်သည့် (Biodegradable) သစ်တောထွက်ပစ္စည်းများဖြင့် အစားထိုးအသုံးပြုလာနိုင်ခြင်း၊ လူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ဘက်ထရီများတွင်ပါရှိသည့် မြေရှားသတ္တုများနေရာတွင် သစ်တောထွက် ဓာတုဓာတ်ပေါင်းများဖြင့် အစားထိုးလာနိုင်ခြင်း၊ ကမ္ဘာ့အဝတ်အထည်စက်ရုံများအတွက် သစ်ပင်၊ ဝါးပင်များမှ ထုတ်လုပ်သည့် ချည်မျှင်ရှည် (long fiber) များ အသုံးပြုလာနိုင်ခြင်း စသည့်တီထွင်ဆန်းသစ်အောင်မြင်မှုများကို တွေ့မြင်နိုင်ကြောင်း။

ထို့အပြင် နည်းပညာတီထွင်ဆန်းသစ်မှုနှင့် သစ်တောထွက်ပစ္စည်းများကို ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များအပါအဝင် လူသားများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးတို့အတွက် ရေရှည်ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ကျယ်ပြန့်စွာ ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း။

အင်ဂျင်နီယာပညာရပ်ကို ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဂေဟဗေဒ၊ ဘူမိဗေဒ၊ အဏုဇီဝဗေဒ၊ ဇလဗေဒ စသည့်ဘာသာရပ်များနှင့်ပေါင်းစပ်ပြီး လေ့လာသင်ယူရသည့် Environmental Engineering ဘာသာရပ်သည် ပတ်ဝန်းကျင်အရည်အသွေးများ မြှင့်တင်ပေးရန်အတွက် အထူးအရေးပါသည့် ပညာရပ်အဖြစ် ကျယ်ပြန့်စွာ လေ့လာသင်ယူလာကြပြီဖြစ်ကြောင်း၊ သစ်တောကဏ္ဍတွင် မျိုးကောင်းမျိုးသန့်ပျိုးပင်များ ထုတ်လုပ်ရေး၊ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ရေး၊ သစ်ပင်သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ရေနှင့်မြေဆီလွှာများထိန်းသိမ်းရေး စသည့် လုပ်ငန်းနယ်ပယ်များတွင် Environmental Engineering ပညာသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။

ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင်သာမက သစ်တောမြေ ပြင်ပနေရာများဖြစ်သည့် ကျေးရွာများ၊ မြို့ပြများ ပတ်ဝန်းကျင်နေရာအသီးသီးတွင်လည်း ဒေသအလိုက် သင့်လျော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ မြစ်၊ ချောင်းတစ်လျှောက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ တောင်ထိပ်များတွင် သစ်ပင်မခုတ်ရန်နှင့် သစ်ပင်များ ထိန်းသိမ်းရန်၊ ဒီရေတောပင်များစိုက်ပျိုးတည်ထောင်ရန်စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီး ဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များ စဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဆည်မြောင်းတာတမံများ ရေရှည်တည်တံ့ရန်နှင့် မြေအောက်ရေ ထိန်းသိမ်းနိုင်ရန်အတွက် ရေဝေရေလဲသစ်တောများကို ထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေလိုအပ်ခြင်းကြောင့် အတူတကွ ပါဝင်ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုကြောင်း။

ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၁၀) မျိုး၊ အပင် (၁,၄၂၆) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပရိဝုဏ်နှင့် လိုက်ဖက်ပြီး ရာသီအလိုက် ဖူးပွင့်ပြီး ရနံ့သင်းပျံ့သည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း။

စိုက်ပျိုးပြီးနောက်ပိုင်းတွင်လည်း ရာသီအလိုက်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးဘေးကာကွယ်ခြင်း၊ မြေအစိုဓာတ်ထိန်းသိမ်းခြင်း၊ ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိအောင် ကာကွယ်ခြင်းစသည့် ပြုစုထိန်းသိမ်းမှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြမှသာ စိုက်သမျှ အပင်များ ကောင်းမွန်စွာရှင်သန်မည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ကျောင်းပရဝုဏ်နှင့် ပတ်ဝန်းကျင်အစဉ်ထာဝရ စိမ်းလန်းစိုပြည်လှပနေစေရန် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် Green City၊ Clean City၊ Smart City ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန် ရည်ရွယ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်အဆင့်မြင့်ကျွမ်းကျင်အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန်အတွက် ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ဖွင့်လှစ်မည့် Naypyitaw State Polytechnic University ၏ ကျောင်းပရဝုဏ်နှင့် ပတ်ဝန်းကျင်တွင် မျက်စိပသာဒဖြစ်စေပြီး သင်းရနံ့မွှေးပျံ့သည့် သစ်ပင်ပန်းပင်များနှင့် အမြဲတမ်းစိမ်းလန်းစိုပြည်သာယာလှပစေရန်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်တို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သစ်တောသယံဇာတများအပါအဝင် နိုင်ငံ၏သဘာဝသယံဇာတများကို ခေတ်မီသည့် သိပ္ပံနှင့် နည်းပညာတီထွင်မှုများဖြင့် ပေါင်းစပ်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးချနိုင်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် နေပြည်တော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်စသည့် သစ်မျိုး ၁၀ မျိုး၊ အပင် ၁၄၂၆ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ရှုခင်းသာရင်ပြင် (View Point) နေရာဆောင်ရွက်ထားရှိမှုများ၊ သုံးထပ်ပင်မစာသင်ဆောင်အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစားကွင်းများ၊ စာကြည့်တိုက်နှင့် အခြားသင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု အဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ သုံးထပ်ပင်မစာသင်ဆောင်အတွင်း စာသင်ခန်းများ၊ စုဝေးခန်းမများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။