မြစ်ကြီးနား ဇူလိုင် ၂
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယမန်နေ့ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ယမန်နေ့ညနေ ၃ နာရီအချိန် တိုင်းထွာချက်အရ ၁၃၆၈ စင်တီမီတာကျော်အထိ မြင့်တက်လာခဲ့သဖြင့် ရေများဝင်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၁၆)ခုနှင့် အာလမ်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လတ်တလော ရေဘေးရှောင်စခန်း(၃၀)ခုဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ မော်တော်ယာဉ်များ၊ အမြန်ရေယာဉ်ငယ်များနှင့် လှေများ စနစ်တကျစုဖွဲ့၍ အပိုင်းလိုက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် မြစ်ရေထပ်မံမြင့်တက်လာနိုင်ခြေရှိသည့်အပေါ် ပြည်သူများအား အသိပေးပြီး မြေနိမ့်ရပ်ကွက်များ လျင်မြန်စွာ ရွှေ့ပြောင်းနေရာချထားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှ အောင်ဇေရန်အောင်ဘုရားအထိ စက်လှေများဖြင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူများအား ရေလွတ်ရာ အမြန်ဆုံးရွေ့ပြောင်းနိုင်ရေး၊ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်၍ ရွေ့ပြောင်းနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ရေကြည်ရပ်ကွက်အတွင်းမှ ရေဘေးရှောင်အိမ်ထောင်စု(၇၉)စုတို့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြကာ နေ့လည်စာထမင်းဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အောင်ဇေရန်အောင် ဘုရားဝင်းအတွင်း ရွေ့ပြောင်းနေရာချထားပေးသည့် ရေဘေးရှောင်အိမ်ထောင်စု(၁၁၂)စုတို့အား ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ချက်ပြုတ်စားသောက်နေမှုအခြေအနေများနှင့် အိမ်ထောင်စုများနေထိုင်မှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လိုအပ်သည့်အထောက်အပံ့များ ကူညီပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် မြေမြင့်ဘုန်းကြီးကျောင်းအတွင်း ရေဘေးရှောင်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များကို ကျောင်းထိုင်ဆရာတော်ထံ မေးမြန်းလျှောက်ထားကြကာ ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား မြစ်ရေထပ်မံမြင့်တက်လာနိုင်ခြေရှိသေးသည့်အတွက် ကျန်းမာရေးဂရုစိုက်နေထိုင်ကြရေး၊ လိုအပ်သည်များ အမြန်ဆုံးကူညီပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြကာ မိသားစုများအား မုန့်များ လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့၊ ဇီးလွန် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့၊ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါအထက်တန်းကျောင်း ကျောင်းဆောင်များအတွင်း ရွေ့ပြောင်းနေထိုင်လျက်ရှိသော ရေဘေးရှောင်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ မိသားစုများ အဆင်ပြေစွာနေထိုင်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်မှုသည် ဇွန် ၃၀ ရက်နံနက်ပိုင်းက စတင်ပြီး မြင့်တက်လာခဲ့ရာ ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ၁၃၁၇ စင်တီမီတာအထိ မြင့်တက်လာကာ ယနေ့ ညနေ ၃ နာရီခွဲအထိ တိုင်းထွာချက်အရ ၁၃၆၈ စင်တီမီတာအထိ ရှိလာသဖြင့် ရေတက်နှုန်းမှာ ၁ နာရီ ၈ စင်တီမီတာ(၃ လက်မ)ခန့် မြင့်တက်လာနေသဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့် နေရာများမှ ပြည်သူများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် မြစ်ကြီးနားမြို့အနေဖြင့် ယင်းသို့ ရေကြီးမှုဖြစ်စဉ်ကို ၁၉၇၉ ခုနှစ်တွင် စိုးရိမ်ရေမှတ်အထက် အမြင့်ဆုံး ၁၃၁၃ စင်တီမီတာထိ မြင့်တက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၄ ခုနှစ်တစ်ကြိမ် မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ပြည်နယ်(ပြန်/ဆက်)