Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့၌ နှစ်နိုင်ငံသီးခြားတွေ့ဆုံ

နယူးဒေလီ ဇွန် ၂၇

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ (၁၉)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ခရီးစဉ်ဒုတိယပိုင်းအဖြစ် ဇွန် ၂၅ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့သို့ ရောက်ရှိသည်။ နယူးဒေလီမြို့သို့ ရောက်ရှိစဉ်အတွင်း မြန်မာသံရုံး၊ နယူးဒေလီမြို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

နှစ်နိုင်ငံသီးခြားတွေ့ဆုံဆွေးနွေး

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါလျက် ဇွန် ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံသီးခြားတွေ့ဆုံဆွေးနွေး သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး နှင့်တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အေစီဒီနှင့်ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြည်ပရေးရာဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၇ ရက် (ကြာသပတေးနေ့) ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်