Skip to main content

အကြမ်းဖက်၊ ဒုစရိုက်နှိမ်နင်းရေးတွင် ပြည်သူများလည်း တစ်တပ်တစ်အားပါဝင်

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံး၊ ဓားမြှောင်ကိုင်ဆောင်ခြိမ်းခြောက်ကြသူများ၊ ဆိုင်ကယ်စီးနင်းသွားလာသူများထံမှ ရွှေထည်ပစ္စည်းများ အကြိမ်ကြိမ်လုယက်ခဲ့သူ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ဓားကိုင်ဆောင်လုယက်သူများ စုစုပေါင်း ၁၁ ဦးတို့ကို ဒုစရိုက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စုံစမ်း ဖော်ထုတ်၍ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။ ရပ်ရွာများအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်သမားတို့ ထကြွသောင်းကျန်းကာ အတင့်ရဲလာကြခြင်းက ရပ်ရွာအေးချမ်းသာယာမှုကို ထိခိုက်စေရုံသာမက ပြည်သူလူထု၏ တရားဥပဒေအပေါ် ယုံကြည်ကိုးစားမှုကိုပါ လျော့နည်းကျဆင်းစေသည်။ ဥပဒေကိုချိုးဖောက်၍ ရပ်ရွာအေးချမ်းသာယာမှုကို အနှောင့်အယှက်ပြုသူ၊ ဒုစရိုက်မှုကျူးလွန်သူတို့ကို ထိရောက်စွာ ဖော်ထုတ်အရေးယူနှိမ်နင်းနိုင်ခြင်းဖြင့် တရားဥပဒေစိုးမိုးမှု မြင့်မားလာမည်ဖြစ်သည်။

စင်စစ်ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သည်နှင့်အမျှ အများပြည်သူတို့၏ ဘဝလုံခြုံစိတ်ချမှုများရရှိစေပြီး လူမှုရေး၊ စီးပွားရေးတို့ မြင့်မားတိုးတက်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာ “ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှုရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ကြောင်း၊ အဆိုပါအားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံ၏ပညာရေးအခြေအနေနှင့် စီးပွားရေးအခြေအနေတို့က တရားဥပဒေစိုးမိုးမှုအပေါ်တွင် လွှမ်းမိုးလျက်ရှိရာ အမျိုးသားပညာရေးမြင့်မားအောင်ဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ခြင်းတို့ အောင်မြင်မှုရရှိသည်နှင့်အမျှ တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ရေတိုကာလတွင်မူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးတို့အတွက် ရပ်ရွာများနှင့် ကျောင်းများတွင် အသိပညာပေးမှု၊ နှိုးဆော်တိုက်တွန်းမှုများကို တိုးမြှင့်သွားရန် လိုအပ်သလို မှုခင်းများကျဆင်းရေးအတွက် ရပ်ရွာအခြေပြု ပြည်သူလူထု၏အားကို အကျိုးရှိစွာ ရယူဆောင်ရွက်သွားနိုင်ရန်လည်းလိုသည်။ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့တွင် လက်ရှိရဲတပ်ဖွဲ့အင်အားဖြင့် လွှမ်းခြုံဆောင်ရွက်နိုင်ရန် အခက်အခဲရှိမည်ဖြစ်သည့်အလျောက် မှုခင်းကြိုတင်ကာကွယ်ရေး ပညာပေးမှုနှင့် ပြည်သူ့လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူများပါ ပါဝင်လာစေရန် စည်းရုံးမှုတို့ ပြုလုပ်သွားရမည်လည်းဖြစ်သည်။

တရားဥပဒေစိုးမိုး‌ရေးသည် အများပြည်သူအကျိုးအတွက်ဖြစ်ပြီး ရပ်ရွာဒေသများ အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးမှုရရှိရန် မဖြစ်မနေလိုအပ်သည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံတွင် တည်ငြိမ်မှု၊ လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှုတို့ ခိုင်မာအားကောင်းမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို ပီပြင်စွာခံစားရရှိနိုင်ကြမည် ဖြစ်သည်။ အများပြည်သူနေထိုင်ရာရပ်ရွာများအတွင်း အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြရာ မိမိတို့၏ မြို့ရွာရပ်ကွက်များ အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။