Skip to main content

ထွက်ပေါ်လာသည့်အမှန်တရားအချို့

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံသည် အစိုးရအဆက်ဆက်နှစ်ပေါင်းရှည်ကြာစွာ နိုင်ငံတကာ၏ စွပ်စွဲမှု၊ ပြစ်တင်မှု၊ ရှုတ်ချမှု၊ ဖိအားပေးမှုဒဏ်ကို ခံစားခဲ့ရသည်။ အမှန်တရားသည် မည်သို့ပင်ရှိစေကာမူ၊ ဖြစ်ရပ်အမှန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက မည်သို့ပင်ရှင်းလင်းသမှုတို့ ပြုစေခဲ့ကာမူ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အရာမထင်ခဲ့။ အကျိုးစီးပွားကိုယ်စီ စွဲကိုင်ထားကြသည့် တတိယနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာများက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှင်းလင်းချက်များကိုလည်းကောင်း လျစ်လျူရှုကာ ၎င်းတို့လိုရာကိုသာ ပုံဖော်ခဲ့ကြ သည်။ တစ်ခါတစ်ရံ အမှန်တရားတို့ ဖုံးမရဖိမရ ပေါ်ပေါက်လာလျှင်ပင် “ကျားကျား၊ မီးယပ်ပဲ” ဟူ၍ လုပ်ခဲ့ကြသည်။

ယခုလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်စပ်လျဉ်း၍ အဖြစ်မှန်၊ လက်သည်တရားခံအမှန်ကို ထုတ်ပြောသူတစ်ဦးရှိလာပြန်သည်။ ပြောကြားသူမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာအေကေအဗ္ဗဒူမိုမန်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် Daily Jugantor သတင်းဌာနနှင့် ပြုလုပ်သည့်တွေ့ဆုံမေးမြန်းမှုအစီအစဉ်တစ်ခုတွင် ဖြေဆိုပြောကြား ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ပြောကြားချက်များတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ တတိယနိုင်ငံ/အဖွဲ့အစည်း (Third Party) များနှင့် နိုင်ငံတကာမီဒီယာများ၏ ကျင့်ဝတ်သိက္ခာကင်းမဲ့မှုများ၊ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ စေတနာမမှန်ကန်မှုများကို ဖော်ပြနေသည်။ ဒုက္ခသည်အရေးကို ပြေလည်အောင်ဖြေရှင်းပေးရမည့်အစား ဒုက္ခသည်ရှိမှ အလုပ်ရှိမည်၊ ဒုက္ခသည်မရှိ အလုပ်မရှိမဖြစ်လိုသည့် UNHCR၊ မြန်မာနိုင်ငံကို တစ်ဖက်သတ်ဆက်လက်ဖိအားပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကို မပြေလည်စေလိုသည့် တတိယနိုင်ငံအဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြစ်တင်ပြောကြားသွားခဲ့ပြီး ၎င်းတို့မပါဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းတို့၏ နိုင်ငံနယ်နိမိတ်အတွင်း တည်ရှိနေသည့် ဒုက္ခသည်စခန်းများနှင့်စပ်လျဉ်း၍လည်း လိုအပ်သလို စီမံဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိနေသည်သာဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများအရေးသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားသော အမှန်တရားပျောက်ကွယ်နေသည့်နေရာ၊ ကိုယ်ကျိုးစီးပွားရှာဖွေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများနှင့်မီဒီယာများ၏ စားကျက်ဖြစ်နေသည်။ လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် မြို့ရွာဒေသများ၌ AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားလျက်ရှိရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးထက် ပြည်နယ်အေးချမ်းသာယာရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်မီဒီယာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့၏ တွေ့ဆုံမေးမြန်းမှုအစီအစဉ်မှ ထွက်ပေါ်လာသည့် အချက်အလက်တို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများအရေးနှင့်စပ်လျဉ်း၍ အလိမ်အညာမုသားတို့ ကမ္ဘာကို အကြိမ်ကြိမ်အထပ်ထပ်ပတ်ပြီးချိန်တွင်မှ တစ်ခဏမျှထွက်ပေါ်လာသည့် အမှန်တရားအချို့သာဖြစ်သည်။ ယင်းအမှန် တရားမျှသည်ပင် ကမ္ဘာကိုလွှမ်းမိုးခြယ်လှယ်ထားသည့် အင်အားကြီးမီဒီယာတို့၏ အရိပ်ထိုးမှုအောက်တွင် အချိန်တိုအတွင်း မှေးမှိန်ပျောက်ကွယ်သွားဖွယ် ရှိသည်။ မည်သို့ပင်ဖြစ်စေ နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဟူသည် ရွေးချယ်ခွင့်မရှိသော မိတ်ဆွေများသာဖြစ်သည့်အလျောက် နှစ်နိုင်ငံအကြား ဖြစ်ပေါ်လာသည့် အရေးကိစ္စများတွင် နှစ်ဖက်အကျိုးစီးပွားကိုရှေးရှုကာ အပြန်အလှန်လေးစားမှု၊ နားလည်စာနာမှု၊ ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဝတ်မပျက်ဆက်ဆံမှုများနှင့် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ခြင်းအားဖြင့် မည်သို့သောကိစ္စကိုမဆို ချောမောပြီးပြေအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။