နေပြည်တော်၊ ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက်နေ့တွင် ရှင်လှ (တောင်) ကျေးရွာနှင့် ရှင်လှ (အလယ်) ကျေးရွာတို့ကိုဝင်ရောက်စီးနင်းပြီး နေအိမ် ၁၂ လုံးနှင့် ဆိုင်ကယ်အစီး ၃၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ရှင်လှ (တောင်) ကျေးရွာနှင့် ရှင်လှ (အလယ်) ကျေးရွာတို့တွင် အကြမ်းဖက်သမားများက ပြည်သူများကိုခြိမ်းခြောက်၍ နေအိမ်အချို့နှင့် ကျေးရွာအတွင်းရှိ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများတွင် မိုင်းထောင်ထားရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် သွားရောက်ရှင်းလင်း ဆောင်ရွက်နေစဉ်တွင် အကြမ်းဖက်သမားများက Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ယင်းဖြစ်စဉ်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်ပြီး တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန်အတွက် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်များတွင် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်စခန်းများသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။