Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်‌တော် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက်ကောင်း မွန်စေရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သောနိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန် လိုအပ်ကြောင်း။

စေတနာထား၍ လုပ်ဆောင်

မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက်စေတနာထား၍ လုပ်ဆောင်ပေးကြရန်နှင့် ပြည်သူလူထု၏ဖြစ်ပေါ် နေသောအခက်အခဲများကို ပွင့်လင်းမြင်သာစွာရှင်းပြပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ရှိ ဝန်ထမ်းများသည် ပြည်သူနှင့်အနီးကပ်ဆုံးထိတွေ့ဆောင်ရွက်ရသည့် အဖွဲ့အစည်းများဖြစ်၍ ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီဆောင်ရွက်သွားရန်နှင့် မြို့နယ်တာဝန်ခံများက မိမိတို့ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင် ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် ၁၄ ခရိုင်မှ ကြီးကြပ်ရေးတာဝန်ရှိသူများက မိမိတို့တာဝန်ယူကြီးကြပ်ရသည့် သက်ဆိုင်ရာခရိုင်အလိုက် ဆောင်ရွက်ထားမှုအခြေအနေများနှင့် ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင်၊ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက်ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ခရိုင် ၁၄ ခရိုင်မှ ကြီးကြပ်ရေးတာဝန်ရှိသူများ၏ တင်ပြမှုများနှင့်စပ်လျဉ်း၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်