နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည် ချက် (၉) ရပ်ချမှတ်ကာ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့် အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချမှုရရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါမှ လုံခြုံစိတ်ချမှုအပြည့်အဝရရှိမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သည့် အစောပိုင်းကာလများက မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ထိုမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်ဖျက်ဆီးမှုများအထိ ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီဖြစ်သည်။ နှောင့်ယှက်ဖျက်ဆီးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်အဟုန်မြင့်မားလာသဖြင့် အချို့မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးကြေညာ၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရသည်။ ပြည်တွင်း၊ ပြည်ပပူးကပ်ဝင်ရောက်နှောင့်ယှက်မှုများကြောင့် မြေပေါ်မြေအောက်အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူ အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခြင်း စသည့်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်လာကြသည်။
ယခုအခါ ဝေးလံသည့်ဒေသများနှင့် နယ်စပ်ဒေသအချို့ရှိ မြို့ရွာများမှလွဲ၍ မြန်မာနိုင်ငံအတွင်းရှိ မြို့ပြကျေးလက်များ တည်ငြိမ်အေးချမ်းလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များက မြို့ရွာဒေသများ လုံခြုံစိတ်ချရေးကို အမြဲမပြတ်ဆောင်ရွက်ပေးနေသောကြောင့် ဒေသတစ်ခုနှင့်တစ်ခု လွတ်လပ်စွာသွားလာနိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် အကြမ်းဖက်အဖျက်သမားများအနေဖြင့် ပြည်သူလူထုကြားတွင် စိမ့်ဝင်ခိုအောင်းနေနိုင်သောကြောင့် လုံခြုံရေးလစ်ဟာသွားသောနေရာများသို့ဝင်ရောက်ပြီး အများပြည်သူအဆောက်အအုံတို့နှင့် အသက်အိုးအိမ်စည်းစိမ်တို့အား နှောင့်ယှက်ဖျက်ဆီးနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။
မကြာသေးမီရက်ပိုင်းက လုံခြုံစိတ်ချမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှု ပြုလုပ်ရန်ကြံစည် အားထုတ်နေသော အကြမ်းဖက်အဖျက်သမားများအား ဖမ်းဆီးရမိလိုက်သည့် သတင်းကိုမြင်တွေ့ကြားသိလိုက်ရသည်။ အဆိုပါသတင်းကို ထောက်ရှုဆင်ခြင်၍ အကြမ်းဖက်သမားအန္တရာယ်ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ်ရှိနေ ရမည်ဟူသောအတွေးများ သက်ဆိုင်ရာအဖွဲ့အစည်းများသာမက ပြည်သူအားလုံး ပါရှိနေရမည်ဖြစ်သည်။
လုံခြုံရေးသတိရှိမှုနှင့်ပတ်သက်၍ “မိမိတို့နိုင်ငံလူဦးရေထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ အသိပညာဗဟုသုတနည်းသူများအနေဖြင့် ကောင်းမှုနှင့်မကောင်းမှုကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းအားနည်းပြီး မကောင်းမှုဒုစရိုက်များကို ကျူးလွန်နိုင်ခြေမြင့်မားသဖြင့် အသိပညာနှင့် ဆင်ခြင်တုံတရားများရရှိရေးအတွက် တိုက်တွန်းနှိုးဆော်ချက်များဆောင်ရွက်ခြင်း၊ လှုံ့ဆော်ပညာပေးမှုဆောင်ရွက်ခြင်း၊ သတင်းများထုတ်ပြန်ပေးခြင်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းဖြင့် လျှောက်လှမ်းရာတွင် လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ ပညာရေးနှင့်စီးပွားရေးဘက်၌ အားနည်းချက်များရှိခဲ့သောကြောင့် ကိုယ်ကျင့်စာရိတ္တပျက်ပြားခြင်း၊ အမှားအမှန်ခွဲခြားနိုင်မှုမရှိခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်မှုများရှိခဲ့သည်။ ဥပဒေချိုးဖောက်သူများသည် မြို့ရွာများအတွင်းသို့ အခြားမှလာရောက်ဆောင်ရွက်ခြင်းမဟုတ်ဘဲ မြို့ရွာများအတွင်း နေထိုင်သူများသာဖြစ်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိနေရမည်ဖြစ်သည်။ မိမိမြို့ရွာကို မိမိတို့လည်း ပါဝင်စောင့်ရှောက်မည်ဟူသောအသိဖြင့် ရပ်ရွာများအတွင်း မသင်္ကာဖွယ်ရာများတွေ့ရှိရပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်း ပေးကြရမည်ဖြစ်သည်။
အကြမ်းဖက်အဖျက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်ကိုစောင့်ဆိုင်း၍ အကြမ်းဖက်မှုကျူးလွန်ရန် ကြံစည်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် မြို့ရွာရပ်ကွက်များ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမျက်စိဖွင့်၊ နားစွင့်စောင့်ကြည့်နေရမည်ဖြစ်သည်။ ထိုအသိ၊ ထိုသတိဖြင့် နယ်မြေဒေသများတွင် အကြမ်းဖက်သမားများ၏ အငွေ့အသက်များကင်းစင်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအတူပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ခြင်းဖြင့် မြို့ရွာများတည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏လူမှုစီးပွားဘဝများ စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။