နေပြည်တော် ဇွန် ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့မော်တော်ယာဉ် များဖြစ်သည့် Nissan AD Station Wagon ခုနစ်စီး၊ Daihatsu Hijet ခြောက်စီး၊ Honda Fit သုံးစီး၊ Nissan Vanette နှစ်စီးနှင့် Mazda Bongo တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၉,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ နမ့်ခမ်းမြို့မှမန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Floral Foam ၃၅၇ ကီလိုဂရမ်၊ Plastic Spray Head ၁၂၅ ကီလိုဂရမ်၊ Ceramic Tiles ၄၈၀၀ ချပ် အပါအဝင် လူသုံးကုန်ပစ္စည်း ၂၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၇၀၇,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor တစ်စီး၊ Hino Ranger Truck တစ်စီး၊ စက်မှုဇုန်ထုတ် Shwe Tu Truck တစ်စီး၊ Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆, ၀၀၀,၀၀၀) နှင့် ကျွဲတပ်ဆုံ စစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Hot Plate ၂၂၀၈ ခု အပါအဝင် လူသုံးကုန် ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၂၃၆,၇၃၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mistsubishi Fuso Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ရွှေကျင် စစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ်တစ်စီး ပေါ်မှ တရားမဝင် စက်သုံးဆီပရီမီယမ်ဒီဇယ် ဆီ ဂါလန် ၇၈၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၂၄၀,၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Hino Profia Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀, ၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃,၁၈၃,၇၃၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ (၃၁) မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၂,၁၈၃,၇၃၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်